ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အင်းလေဒေသ၊ ဘီလူးချောင်းအရှေ့ဘက်ရှိ နန်းတုန်ကျေးရွာအပါအဝင် ကျေးရွာ ၇ရွာမှ စစ်ဘေးရှောင်နေရသည့် ပြည်သူ ၃၀၀၀ကျော်သည် အစားအစာ၊ ဆေးဝါးနှင့် စောင်များလိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ် ၂၂ရက်တွင် စစ်ကောင်စီက နန်းတုတ်ကျေးရွာသို့ လေကြောင်းဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နန်းတုတ်ကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် ပြည်သူများအနက်မှ လူဦးရေ ၅၀၀ခန့်သည်လည်း နန့်တုတ်ကျေးရွာတွင် တိမ်းရှောင်နေခြင်းဖြစ်ပြီး၊ ၎င်းတို့သည့် ထပ်မံ၍ စစ်ရှောင်နေရကြောင်းလည်း သိရသည်။
“ နန်းတုန်ရွာတစ်ခုထဲကို လူဦးရေ တစ်ထောင်ကျော်လောက်ရှိတယ်။ အဲ့ဒီထဲမှာ ကရင်နီပြည်ကနေ စစ်ရှောင်လာတဲ့ သူတွေလဲပါတယ်။ အဲ့ဒီထဲမှာက လူဦးရေ ၃၀လောက်က မပြေးဘဲ ရွာထဲမှာ ရှိတာတွေနဲ့ စားသောက်နေကြတယ်။ ပြေးစရာနေရာလဲမရှိတော့ဘူးလေ၊ ရွာခံတွေကတော့ အနောက်ဘက်ကမ်းမှာ မိုးကာတဲထိုးပြီးနေကြတယ်။ ပြီးတော့ ဒီဘက်မှာက ပစ္စည်းသယ်ရခက်ခဲတော့ အလှူရှင်လဲမရှိဘူး” ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ် ၂၂ရက်တွင် နန်းတုတ်ကျေးရွာသို့ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နန်းတုန်၊ ကုန်းသာ၊ အိမ်မှု၊ တောင်ပို့ကွဲတောင်၊ မြောက်၊ ဟိုပန်ရှေ့၊ နောက်ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၀၀၀ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
“ မတ် ၂၂ရက်က လေယာဉ်နဲ့ဗုံးမကြဲခင် လက်နက်ကြီး နှစ်ချက်ပစ်သေးတယ်။ ပြီးတော့ လေယာဉ်နဲ့ လာကြဲသွားတာ၊ နေအိမ် ၅လုံးနဲ့ ဆေးပေးခန်းတစ်ခုပျက်စီးသွားတယ်။ လက်နက်ကြီးနဲ့ကတော့ နေ့တိုင်းနီးပါးလိုလိုပစ်နေတာ၊ ရွာထဲကို ပြန်မဝင်ရဲဘူး” ဟု နန့်တုတ်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
ယခုနှစ်၊ ဇန်နဝါရီ ၂၂ရက်မှ စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် PNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကရင်နီပြည်နယ်မှ စစ်ရှောင်လာသည့် ပြည်သူများနှင့် ဒေသခံ စုစုပေါင်း လူဦးရေ တစ်သိန်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ထိုကဲ့သို့ ဆီဆိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဟိုပုံးနှင့် ပင်လောင်းမြို့နယ်ဘက်သို့ စစ်မီးကူးစက်ခဲ့ပြီး စစ်ကောင်စီက PNLA ပူးပေါင်းတပ်ဖွဲ့များ ရှိနိုင်သည်ဟု ယူဆသည့် နေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းများကို နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိသည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြိုန့ယ်များမှ ကလေးငယ် ၁၀ဦးအပါအဝင် ၄၉ဦးသေဆုံးခဲ့ကာ၊ ၆၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။