စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီက ကလေးမြို့တွင် ယခုတပတ်အတွင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူမှုများရှိနေသော်လည်း ပျူစောထီးရပ်ကွက်များနှင့် စစ်တပ်အနီးရှိရပ်ကွက်များ၌သာ ကောက်ယူနိုင်ကြောင်း ဒေသခံများကပြောသည်။
ကလေးမြို့တွင် မတ်လ ၂၀ ရက်နောက်ပိုင်းမှစတင်ကာ ညောင်ပင်သာ၊ မင်္ဂလာဥယျာဥ်၊ အောင်သစ္စာ၊ အောင်ဇေယျနှင့် မြို့သာရပ်ကွက်များ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဆောင်ရန် အိမ်ထောင်စုစာရင်းများကောက်ယူနေခြင်းဖြစ်ပြီး စစ်သားနှင့်ပျူစောထီးများက လုံခြုံရေးယူပေးနေကြောင်းသိရသည်။
“ စစ်ကောင်စီလှုပ်ရှားနေတဲ့ ရပ်ကွက်တွေ၊ နေရာတွေပေါ့နော်။ စစ်တပ်အနီးကရပ်ကွက်တွေပေါ့။ မြို့အနောက်ပိုင်းရပ်ကွက်တွေကတော့ သူတို့(စကစ)မဝင်သေးဘူးပေါ့နော်။ ဘာမှမကြားရသေးဘူးဗျ” ဟု ကလေးလူထုသပိတ် ဦးဆောင်ကော်မတီရှိ ကိုဗိုက်ပူကရှင်းပြသည်။
ကလေးမြို့တွင် ရပ်ကွက်(၂၀)ကျော်ရှိပြီး စစ်ကောင်စီက (၅)ရပ်ကွက်ခန့်သာ စစ်မှုထမ်းရန် စာရင်းကောက်ယူနိုင်သည်ဟုသိရပြီး အချို့ရပ်ကွက်များတွင်မူ စာရင်းကောက်ယူခြင်းမရှိဘဲ စစ်မှုထမ်းရန်စာရင်းထုတ်ပြန်လာသည့်သတင်းများ ပြန့်နှံ့နေခြင်းကြောင့် ပြည်သူများအနေဖြင့်စိုးရိမ်နေရကြောင်း သိရသည်။
“ ကျွန်တော်တို့ရပ်ကွက်တွေတော့ စာရင်းလာမကောက်ပါဘူး။ မြို့အရှေ့ပိုင်းက ရပ်ကွက်တွေနဲ့ စစ်တပ်အနီးကရပ်ကွက်တွေပဲ ကောက်တယ်လို့ကြားတယ်။ ဒီဘက်တော့ သူတို့(စကစ)တော်တော်နဲ့လာရဲမှာမဟုတ်ဘူးဗျ။ နယ်မြေကသူတို့သိပ်မစိုးမိုးဘူးလေ။ ပြီးတော့ လူငယ်တွေလည်း သိပ်မရှိတော့ပါဘူး။ ကျွန်တော်တို့အသင်းတော်မှာဆို လူငယ်တွေမရှိသလောက်ပဲ” ဟု တာဟန်းရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ကလေးမြို့ရှိ ပြည်သူများအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၃)ရက်က စတင်ဖြစ်ပွားခဲ့သော ကလေးမြို့အနီးတိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီး မြို့ပေါ်တွင်ပြည်သူနှင့်လူငယ်အနည်းစုသာ ကျန်ရှိတော့ကြောင်း သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအကျပ်စာရင်းကောက်ခံခိုင်းမှုကြောင့် ကလေးမြို့ရှိ အချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီလက်အောက်မှထွက်ခွာရန် ပြင်ဆင်နေကြပြီး အချို့ရပ်ကွက်များတွင် စာရင်းကောက်ယူမှုမရှိဘဲ စစ်မှုထမ်းရန် လူစာရင်းထုတ်ပြန်မှုများရှိနေကြောင်း သိရသည်။
“ မင်္ဂလာဥယျာဥ်တို့၊ ညောင်ပင်သာတို့က ပျူရပ်ကွက်တွေလို့ပြောလို့ရတယ်လေ။ ပျူလည်းများတယ်။ ဒီက တချို့လူငယ်တွေကတော့ စစ်မှုထမ်းထဲမဝင်ဘဲ ပြည်သူ့စစ်(ပျူ)ထဲဝင်လိုက်မယ်၊ အဲဒါကအေးဆေး အိမ်ပြန်လို့လည်းရတယ်၊ သာသာယာယာပဲဆိုပြီး ဝင်သွားတာတွေရှိတယ်။ တချို့လူငယ်တွေကတော့ အစောကတည်းက ဘေးလွတ်ရာထွက်ကြတယ်” ဟု ညောင်ပင်သာရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် အသက်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ဖေဖော်ဝါရီ(၁၀)ရက်တွင် အတည်ပြုပြဌာန်းပြီးနောက် ဧပြီလကုန်ပိုင်းတွင် စစ်သင်တန်းအပတ်စဥ်(၁)ခေါ်ယူနိုင်ရန် ၎င်းတို့ထိန်းချုပ်နိုင်သည့် မြို့ကြီးများနှင့် မြို့နယ်အသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။