ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးရှိ ဗိုလ်ရုံစုစစ်ဆေးရေးဂိတ် စခန်းကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
မတ်လ ၂၇ ရက်၊ နံနက် ၄ နာရီ ၄၇ မိနစ်ခန့်တွင် ထန်းပင်ကုန်းကျေးရွာနှင့် ကြယ်နီကုန်းကျေးရွာကြား အင်အား ၃၀ ခန့်ရှိ ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်စခန်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ဘီလူးစစ်ကြောင်းက ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၇၉ ဗုံးသီး ၂ လုံးနဲ့ ၄၀ ဗုံးသီး (၇၉-မမ နဲ့ ၄၀-မမ)၄ လုံးဘန်ကာနဲ့စခန်းအဆောက်အအုံကို တည်ပစ်ပြီး အစ်ကိုတို့က စခန်းကိုသိမ်းဖို့ ကျားထိုးတက်တာ။ရှေ့ကင်း စစ်သား ၂ ယောက်ကိုလည်း အနီးကပ်ပစ်တယ်။ဒါတွေက တစ်ပြိုင်နက်တွေပေါ့။ဘန်ကာကို ၇၉ ကျတော့ စစ်သားတွေက ပစ်ပြီးထွက်လာလိုက်တော့ လက်နက် မကောက်နိုင်တော့ဘူး။လက်နက်ငယ်တွေလည်း မနားတမ်းပစ်တာပေါ့။အရှေ့ဘန်ကာနားထိ ကပ်ပြီးနေပြီ”ဟု သာယာဝတီခရိုင် -၃၈၀၂ ၊တပ်ခွဲ(၄)မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ တာဝန်ခံရဲဘော်ဒေဝ ကပြောသည်။
ယင်းသို့တိုက်ခိုက်နေစဉ်အတွင်း အုတ်ဖိုမြို့နယ်အခြေစိုက် ခမရ – ၆ (တိမ်မြုပ်တပ်) မှ လက်နက်ကြီးပစ်ကူ ပေးကာ စစ်ကား ၂ စီးဖြင့် စစ်ကူလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရာ PDFရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ထန်းပင်ကုန်းနဲ့က တိမ်မြုပ်တပ် ခမရ-၆ နဲ့ နီးတော့ အဲ့ကိုပဲ ပြန်ဆုတ်စရာပဲရှိတယ်။ရဲဘော်တွေက သူတို့စခန်းထဲဝင်စီးတော့ စစ်သားတွေက ထန်းပင်ကုန်းအနောက်ဘက်က အိမ်တွေထဲ ဝင်ပြေးတဲ့ကောင်ပြေးနဲ့။ညနေပိုင်းတော့ ခမရ – ၆ ကိုအလောင်းတွေနဲ့ ဒဏ်ရာရတွေကို မှန်လုံကားနဲ့တင်ပြီး အကုန်ပြန်ဆုတ်သွားကြတယ်”ဟု သာယာဝတီခရိုင်- ၃၈၀၂ တပ်ရင်းမှ သတင်းပြန်ကြားတာဝန်ခံ ကပြောသည်။
ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်စခန်းသည် ပြည်သူတို့၏နေအိမ်တို့နှင့် ကပ်နေသောကြောင့် ယင်းစခန်း ကို မီးမရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုတ်ဖိုအခြေစိုက် ခမရ-၆ မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ထန်းပင်ကုန်းကျေးရွာ အနောက်ဘက် ဘုန်ကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ခဲ့ရာ သိမ်နှင့်ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။