အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးရမိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များကို အသုံးချ၍ ပြင်ပ၌ လှုပ်ရှားဆောင်ရွက်နေသည့် PDF တပ်ဖွဲ့ဝင်များကို ထောင်ချောက်ဆင်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းအတွင်း၌ စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးရမိသည့် PDF တပ်ဖွဲ့ဝင်တချို့ကို စစ်ကြောရေးစခန်းမှ ပြန်လွှတ်ပေးပြီး အဆိုပါ PDF အဖွဲ့ဝင်မှ တဆင့် ပြင်ပ၌လွတ်မြောက်နေပြီး လှုပ်ရှားဆောင်ရွက် သူများကို ထောင်ချောက်ဆင်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအခြေစိုက် PDF တပ်ဖွဲ့များထံမှ သိရသည်။
“စစ်ကောင်စီက ဘယ်လိုမျိုးလုပ်တာလဲဆိုတော့ ဖမ်းမိတဲ့သူတွေက ပြန်လွတ်လာပြီးတဲ့အခါမှာ အပြင်မှာ ရှိနေတဲ့သူကို ဖုန်းဆက်ပြီး တနေရာကို ချိန်းတယ်။ Video call ခေါ်ဆိုလည်း ခေါ်ပြတယ်။ လက်ဘက်ရည်ဆိုင် ထိုင်ပြတယ်။ အဲ့လိုမျိုးနဲ့ ဒီဘက်ကလူကိုမျှားခေါ်ပြီး ထောင်ချောက်ဆင်ဖမ်းတာ” ဟု ရန်ကုန်တိုင်းမှ PDF တပ်ဖွဲ့ဝင် တစ်ဦးက MPA ကို ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ၎င်းတို့ဖမ်းဆီးရမိခဲ့သည့် မန္တလေး PDF တပ်ဖွဲ့မှ ဗိုလ်ထွန်းတောက်နိုင်အား အသုံးချ၍ ပြင်ပတွင် ထွက်ပြေးလွတ်မြောက်နေသည့် မန္တလေး PDF တပ်ဖွဲ့ဝင်များကို စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ခြင်း မပြုလုပ်ရန်၊ လက်နက်ချ၍ စစ်ကောင်စီနှင့်ပူးပေါင်းရန် စည်းရုံးမှုများ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဒဂုံတက္ကသိုလ်မှကျောင်းသားတစ်ဦးဖြစ်သည့် ကိုမင်းသုခ အဖမ်းဆီးခံရချိန်တွင် ၎င်း၏ဖုန်းဖြင့် ကျောင်းသူတစ်ဦးကို ဆက်သွယ်၍ နေရာတစ်ခုသို့လာရောက်ရန် ချိန်းဆိုခဲ့ကြောင်း၊ အဆိုပါ ကျောင်းသူ မှာလည်း ချိန်းဆိုသည့်နေရာသို့ သွားရောက်ခဲ့ရာတွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
“ စစ်ကြောရေးထဲရောက်သွားရင် တချို့ကိစ္စတွေက မပြောလို့ကို မဖြစ်တဲ့ အနေအထားတွေ ရှိတယ်။ အဲ့ဒီမှာ သူက ဘယ်လောက်အတိုင်းအတာထိ ဖွင့်ပြောရမလဲဆိုတာ စဥ်းစား ချင့်ချိန်ရတယ်။ လူငယ်တွေအနေနဲ့ အဖမ်းခံရပြီးနောက် သူ့ကို ဖုန်းခေါ်ချိန်းခိုင်းတာမျိုး၊ ဘယ်မှာရှောင်နေတာမျိုး မလုပ်နိုင်ဘူးလို့ မပြောနိုင်ဘူး” ဟု ရန်ကုန်မြို့ခံ နိုင်ငံရေး အကျဥ်သားဟောင်း တဦးက ပြောသည်။
အဲ့ဒီလို စစ်ကောင်စီက ပြုလုပ်နေခြင်းသည် တော်လှန်ရေး လုပ်နေသော လူငယ်ထုအကြား သွေးခွဲခြင်းတမျိုး ဖြစ်သလို ဖမ်းမိသူ၏ ချိတ်ဆက်သူများကိုလည်း ဖမ်းဆီးနိုင်ရန်ဖြစ်သဖြင့် လူငယ်များအနေဖြင့် မိမိချိတ်ဆက်ထားသူ တဦးဦး အဖမ်းခံရကြောင်း သိသည်နှင့် အလျှင်အမြန် ခြေရာဖျောက်ရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ဧပြီလမှစတင်၍ ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်များကို ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများ တစထက်တစ ပိုမိုများပြားလာခဲ့သည်။
ဒေသအသီးသီးမှ PDF များက ပျောက်ကြားနည်းများဖြင့် ခုခံတိုက်ခိုက်နေသည့်အတွက် ၎င်းတို့အားနှိမ်နင်းရန် စစ်ကောင်စီက နည်းလမ်းပေါင်းစုံ အသုံးပြုလာခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။၏
Photo – MPA (စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုမှတက်ကြွစွာပါဝင်နေသည့် လူငယ်များကိုတွေ့ရစဉ်)