ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ယနေ့(မတ်လ၂၇ရက်)နံနက်၉နာရီခန့်တွင် စစ်တပ်က လေကြောင်းမှ ဗုံး၅လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း ကရင်နီတပ်မတော် (KA) ထံက သိရသည်။
“ ဒီနေ့မနက် ၉နာရီလောက်က ခဲမဖြူရွာကို ဗုံးကြဲတာပါ။ဗုံးသီး ၅လုံးကြဲသွားတယ်။ခဲမဖြူကို ဗုံးကြဲပြီး ဂျက်လေယာဉ်တစ်စီး ခဏပတ်နေသေးတယ်။ပြီးမှ ပြန်ထွက်သွားတာ” ဟု ကရင်နီတပ်မတော် (KA)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသခံများမှာ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်လျက်ရှိသောကြောင့် ထိခိုက်မှုမရှိခြင်းဖြစ် ကြောင်း ခဲမဖြူရွာခံတစ်ဦးက ပြောသည်။
“ ခဲမဖြူရွာရှိတဲ့ မော်ချီးအပိုင်ထဲမှာ စစ်တပ်က မရှိတာကြာပြီ။ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ KNUတွေသိမ်းထားတာပေါ့။ဒီနေ့မနက်က ဗုံးကြဲသွားတဲ့ ရွာမှာလည်း ပြည်သူတွေမနေတာကြာပြီ။ ဘေးလွတ်ရာမှာပဲ နေကြတာပေါ့။ရွာထဲ ထိခိုက်ပျက်စီးမှုကတော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဖားဆောင်းမြို့နယ်အတွင်းသို့ ကုန်စည်ဝင်ရောက်မှုနည်းပါးကာ ကုန်ဈေးနှုန်းကြီးမြင့်နေပြီး စားနပ်ရိက္ခာလိုအပ်ချက် များစွာဖြစ်ပေါ်နေကြောင်း ဖားဆောင်းမြို့ခံအချို့က ပြောသည်။
“ အခုက နယ်စပ်ဘက်ကလည်း လမ်းကြောင်းပိတ်ထားတယ်။လွိုင်ကော်နဲ့ ဖရူဆိုလမ်းကလည်း ဖွင့်လိုက်၊ ပိတ်လိုက်ဆိုတော့ ကုန်ကားတွေလာရခက်တယ်။ဆီဈေးကြီးတာနဲ့ ကုန်ဈေးနှုန်းတက်တာတွေကြောင့် စားနပ်ရိက္ခာတွေက ချွေတာလာရတယ်။ပြီးတော့ ဒေသခံတွေက တောင်ယာမစိုက်ပျိုးနိုင်ဘဲ စစ်ရှောင်နေရတာတွေကြောင့် အခုလိုဖြစ်ရတာပါ” ဟု ဖားဆောင်းမြို့ခံတစ်ဦးက ပြောသည်။
ဖားဆောင်းမြို့နယ်၊ခဲမဖြူရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးခြင်းမရှိကြောင်းသိရသည်။