မကွေးတိုင်း၊ ဆိပ်ဖြူ-ဆောလမ်းပိုင်းတွင် စစ်တပ်ထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။
မတ်လ ၂၆ ရက်၊ နံနက် ၉ နာရီ ၄၂ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ- ၂၁ မှ လက်နက်ခဲယမ်းများတင်ဆောင်ပြီး ဆော – ဆိပ်ဖြူလမ်းအတိုင်း ထွက်လာသော ထောက်ပို့ကား ၂ စီးနှင့် ရှေ့ ပြေး ပွိုင့်ကားကို သပြေရွာနှင့် ကျောင်းရွာကြား၌ မိုင်းအကြီးစား ၆ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ဖရဲသီးက ကြိုတင်သတင်းပေးထားလို့ အပိုင်စောင့်ပြီး မိုင်းဆွဲတာပါ။ပွိုင့်ကားကို မိုင်းဆွဲတာမှာ ကားက ချောက်ထဲထိုးကျသွားတယ်။ကားပေါ်ပါတဲ့ စစ်သား ၃ ဦးတော့ ပွဲချင်းပြီးသေတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်”ဟု မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့ မှ အနောက်ပိုင်းဇုံတိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်မင်းရဲဆက် ကပြောသည်။
ချောက်ထဲထိုးကျသွားသော ရှေ့ပြေးပွိုင့်ကားပေါ်မှ စစ်သားအချို့လည်း ပြင်းထန်ဒဏ်ရာရခဲ့ ကြောင်းသိရသည်။
“ကားက ကပစ- ၂၁ ကနေ ဆိပ်ဖြူမြို့ဘက်ကို ဦးတည်ပြီးလာတာ။အဲ့ဒါကို သတင်းရလို့ မိုင်းဆွဲတာ။စစ်သားတွေက ပြန်ပစ်တာမျိုးမရှိပါဘူး။သူတို့ အလောင်းတွေနဲ့ဒဏ်ရာရတွေကိုတော့ ချက်ချင်းပဲ ကျန်တဲ့ကားနဲ့သယ်သွားတယ်။ချောက်ထဲကျတဲ့ကားကိုတော့ ၁ နာရီကျော်လောက်ကြာမှာ လာပြီး ဆွဲသွားတယ်လို့ ဒေသခံတွေကနေ တစ်ဆင့်ပြန်သိတယ်”ဟု ဒေသခံ PDFရဲဘော်တစ်ဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဆိပ်ဖြူ ပလဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။