ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အိမ်၂လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ၂၅ရက်၊ နံနက် ၁၀နာရီခန့်က ဂျက်ဖိုက်တာ ၃စင်းနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စင်းတို့ က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရေတာရှည်မြို့နယ်၊အင်းကြီးပေါက်ရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ပေါင် ၂၀၀ ဗုံးသီးတစ်လုံး တိုက်ရိုက်ကျခဲ့ကြောင်း အသက်ဘေးမှ လွတ်မြောက်လာသူ အသက်၃၇ နှစ်အ ရွယ်ရှိ မအိအိမာ ကပြောသည်။
“ လေယာဉ်ဝဲနေတဲ့အချိန်က ဗုံးခိုကျင်းထဲမှာ အချိန်မီ အကုန်လုံးရောက်နေကြလို့ အသက်ရှင်သွား တာ။မဟုတ်ရင် အကုန်သေတာပေါ့။အခုလည်း အဖေနဲ့ အမေက ရွာထဲမနေရဲတော့လို့ တခြား လုံခြုံတဲ့နေရာကို ရွှေ့ထားပေးရတယ်။ ရွာဘက်ကို လှည့်မကြည့်ရဲတော့ဘူး” ဟု ၎င်းက ဆိုသည်။
လေကြောင်း တိုက်ခိုက်ခံရချိန်တွင် အသက် ၆၀ အရွယ်ရှိ လင်မယား၂ ဦး၊သမီးဖြစ်သူ မအိအိမာနှင့် ကလေးငယ် ၃ ဦးတို့မှာ ဗုံးခိုကျင်းထဲ ရောက်နေသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားသည့် နေ့တွင် တစ်နေကုန် ထမင်းမစားရဘဲ ရွာ၏အရှေ့ဘက်တံတားအောက်၌ ပုန်းခိုနေရကြောင်း အင်းကြီးပေါက် ရွာသားတစ်ဦးကပြောသည်။
“ ကာကွယ်ရေးအဖွဲ့တွေ၊လက်နက်ကိုင်တွေ နေထိုင်တဲ့နေရာလည်း မဟုတ်ဘူး။ အရပ်သားတွေနေတဲ့ရွာကို ပစ်ခတ်တိုက်ခိုက်သွားခဲ့တာပါ။အခုလိုလုပ်ရပ်က ပြောစရာစကားတောင် မဲ့သွားတယ်” ဟုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူခရိုင် အမှတ် ၀၀၁၊ တပ်ခွဲ (၄)၏ တပ်ခွဲမှူး ရဲဘော် ဘစိုးက ပြောသည်။
အဆိုပါ လေကြာင်းတိုက်ခိုက်မှုကြောင့် သွပ်မိုး ပျဉ်ထောင်အိမ် ၂လုံး၊ကြက်သွန်နီ အချိန် ၁၀၀ ကျော်၊ရေစုပ်စက် တစ်လုံး၊ စူပါကတ်ဆိုင်ကယ်တစ်စီးနှင့် စက်ဘီးတစ်စီးတို့ မီးလောင်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ ခန့်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အိမ်ပျက်စီးသွားသူများ စားဝတ်နေရေးဖြေရှင်းရန်အတွက် မီးလောင်ပြီး ကျန်ရှိခဲ့သည့် သံတို၊သံစများကို ရောင်းချရန် စီစဉ်နေကြကြောင်း သိရသည်။