စစ်ဘေးရှောင်ဦးရေများပြားပြီး မြွေဆိုးပေါသည့် ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်၊ တစ်နှစ်အတွင်း မြွေဆိုးကိုက်ခံရသူ ၉၂ ဦးအထိရှိပြီး ၈ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့ (ကန့်ဘလူခရိုင်)က သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ပင့်သာတိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ မလည်တိုက်နယ်၊ ထန်းကုန်းတိုက်နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် မြွေဆိုးများပေါလျက်ရှိပြီး မြွေဟောက်နှင့် မြွေပွေးအမျိုးအစားများမှာ ပိုမိုပေါများကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အချက်အလက်ကလဲ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ကောက်ထားတာပါပဲဗျ၊ မြေပြင်မှာ ဒီ့ထက်များနိုင်ပါတယ်၊ ဆေးဝါးကတော့ လုံလောက်မှုရှိတယ်ရယ်လို့ မရှိပါဘူး၊ အမြဲလိုအပ်ပါတယ်။ ဆေးဝါးအတွက် အလှူရှင် အမြဲရှာရပါတယ်” ဟု ၎င်းကရှင်းပြသည်။
တော်လှန်ရေးအချိန်ကာလကြာလာသည်နှင့်အမျှ အလှူရှင်များအနေဖြင့် တိုက်ခိုက်ရေးဘက်ကိုသာ အားစိုက်လှူဒါန်းကြပြီး စစ်ဘေးရှောင်မျာအတွက် ကူညီရေး၊ မြွေဆိပ်ဖြေဆေးလိုအပ်ချက်များအတွက် လှူဒါန်းမှုများ နည်းပါးကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မြွေကိုက်ခံရသည်ဆိုပါက သွားလာရသည့် လမ်းခရီးခက်ခဲခြင်းကြောင့် အချိန်မီဆေးကုသခွင့်မရရှိဘဲ အသက်ဆုံးရှုံးမှုများရှိနေကြောင်း ဒေသခံများကဆိုသည်။
“ဆေးဝါးကတော့ လှည့်ပတ်ရှာကြံကုရတာပါပဲ။ မြို့ပေါ်တက်ပြီးလဲ ဆေးကုမရဘူး။ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းတာ။ စစ်ကြောင်းပိတ်တာမျိုး၊ တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ကျေးရွာတွေဘက်ကဆို မြို့ပေါ်တက် ဆေးကုသွားလို့မရဘူး။ တပ်ချင်တဲ့ ဥပဒေတပ်ပြီး ဖမ်းဆီးတာ၊ ငွေညစ်တာတွေလုပ်ပါတယ်” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
ကန့်ဘလူခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၅ သောင်းဝန်းကျင်ရှိနေပြီး မြွေဆိုးအန္တရာယ်နှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောခြင်းများကို မြေပြင်ကျန်းမာရေးအဖွဲ့အစည်းများနှင့် အလျဉ်းသင့်သလို ပြုလုပ်ပေးနေကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ထံက သိရသည်။