ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်ဆိုသူ သည် မတ်လ ၂၆ ရက်၊ နေ့လည်ပိုင်းက သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံ ပြည်သူများထံက စုံစမ်းသိရှိရသည်။
ယခုပစ်ခတ်ခံရသော ဦးမျိုးမြင့်အောင်သည် စစ်တပ်အာဏာမသိမ်းမီအချိန်က မင်းလှမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အလုပ်မှုဆောင်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး နောက် PPP ပါတီ၏ မင်းလှမြို့နယ်ဥက္ကဋ္ဌဖြစ်လာကြောင်း အသက် ၄၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ပါတီဥက္ကဋ္ဌသာပြောတာ တကယ်ကပျူခေါင်းဆောင်ပါ၊ လက်နက်လည်း ကိုင်ထားတာကို၊ စစ်သားတွေကင်းလှည့်တာရော၊ တောထဲ စစ်ကြောင်းထိုးတာတွေရော သူပါတယ်၊ ပြည်သူတွေလည်း အနိုင့်ကျင့်ဗိုလ်ကျနေတာ၊ စစ်တပ်ထောက်ခံပွဲတွေဆိုလည်း အစ်ကိုတို့မြို့မှာ သူပဲဦးဆောင်လုပ်နေတာ၊ မနေ့က သူ့အရက်ဆိုင်မှာ ပစ်ခံရတာတဲ့၊ ရန်ကုန်တင်သွားတာ လမ်းမှာဆုံးသွားတယ်” ဟု ၎င်းကရှင်းပြသည်။
၎င်းသည် စစ်တပ်နှင့်ပေါင်းကာ ပြည်သူများအပေါ်အနိုင်ကျင့် ဗိုလ်ကျနေသူတစ်ဦးဖြစ်ပြီး ၎င်းကြောင့် ဖမ်းဆီးခံရ၊ ထွက်ပြေးရသူ ၁၀ ဦးထက်မနည်းရှိကြောင်း ယခုစစ်ဆင်ရေးကိုဖော်ဆောင်ခဲ့သည့် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ-၃ က ရဲဘော်ကိုတစ်က ပြောသည်။
“ကျွန်တော်တို့ စစ်ရေးပစ်မှတ်ရည်ရွယ်ထားတာ တစ်နှစ်ကျော်ပါပြီ၊ မနေ့ကတော့ အကောင်ထည် ဖော်နိုင်ခဲ့တယ်၊ ၁၂ ချက်ပစ်ခဲ့တာပါ၊ သူ့မိန်းမကိုတော့ စစ်ရေးပစ်မှတ်မဟုတ်တော့ ခြောက်လှန့်ပစ်တာပဲ လုပ်ခဲ့တယ်၊ နောက် ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းကျပ်လုပ်နေတဲ့သူတွေ ကျွန်တော်တို့ကို တိုင်ထားတာ အယောက် ၁၀၀ ကျော်လောက်ရှိတယ်၊ ရပ်တန်းကရပ်ပါ၊ ရှေ့ဆက်အကောင်ထည် ဖော်ရင်တော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်အရေးယူသွားမှာပါ”ဟု ရဲဘော်ကိုတစ်က ဆိုသည်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် မင်းလှမြို့နယ်တွင် စစ်ဆေးမှုများတင်းကျပ်နေပြီး ပြည်သူအချို့လည်း ဖမ်းဆီးခံရကြောင်း အသက် ၂၀အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“လမ်းတွေပိတ်စစ်နေတာ၊ ရဲတွေ စစ်သားတွေအများကြီးပဲ၊ အဲဒီဆိုင်နားမှာ ရှိတဲ့သူတွေလည်း ဖမ်းတယ်ကြားတယ်၊ ဘယ်သူတွေဆိုတာ သေချာမသိဘူး။ ၁၅ ယောက်လောက်ရှိမယ် စစ်ကားပေါ်ပါသွားတာ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်ကလည်း မင်းလှမြို့ရှိ တိုင်းစစ်သားစုဆောင်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်းဆိုသူသည် တော်လှန်ရေးရဲဘော်များပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသေးသည်။