မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာရှိ လက်နက်ကိုင် အုပ်ချုပ်ရေးမှူးကို ဒေသခံ PDF တို့က နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့ရာ လွတ်မြောက်သွားပြီး သေနတ် ၁ လက်သိမ်းဆည်းရမိကြောင်းသိရသည်။
မတ်လ ၂၆ ရက်၊ မွန်းခွဲ ၁ နာရီဝန်းကျင်တွင် မြင်းခြံမြို့နယ်၊အိုင်းမကျေးရွာ ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ပျူစောထီးခေါင်းဆောင်လည်းဖြစ်သည့် ဇော်မင်းမိုး၏ နေအိမ်အတွင်းသို့ ဝင်ရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်းသိရသည်။
“အိုင်းမရွာ ဇော်မင်းမိုးရဲ့နေအိမ်ထဲကို ကျနော်တို့က အုပ်ကြီး ထွက်ခဲ့အော်ပြီး စပစ်တော့တာ။သူက အုပ်ချုပ်ရေးမှူး၊ပျူစောထီး ဒါကြောင့်ဝင်ပစ်တာပါ။သူ့ကို ဝင်ပစ်တော့ သူကလည်း ပြန်ပစ်တယ်။၁၅ မိနစ်လောက် အပြန်လှန်ပစ်ခတ်မှုဖြစ်တာ။သူက ရွာပြင်ကို ပစ်ပြေး ပြေးတာမှာ သေနတ်က ခြံစည်းရိုးတိုင်နဲ့ ငြိပြီး ကျန်ခဲ့တာ။ရွာပြင်ရောက်မှ စစ်သားတွေလာခေါ်သွားတယ်လို့ကြားတယ်” ဟု ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း ဇော်မင်းမိုးကိုင်ဆောင်သည့် ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၂ ခုနှင့်ကာဘိုင်ကျည် ၄၃ တောင့်တို့ကိုသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
“အုပ်ကြီးက လက်နက်အားကိုးနဲ့အတော်ဆိုးတယ်။သူ့အိမ်မှာ ပစ်ခတ်ခံရပြီးတော့ လွတ်သွားတာ။မထိလောက်ဘူးထင်တယ်။သူ့ကို စစ်သားတွေ လာခေါ်သွားတယ်။မကြာဘူး၊ရွာထဲကို ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်သားတွေရောက်လာတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Hero Defense Force(မြင်းခြံ)နှင့်ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။