စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်တွင် မိုင်းရှင်းကားကို ကင်းစောင့်ပေးသည့် စစ်သားများ မိုင်းဆွဲ ခံရပြီး ၄ ဦးသေဆုံးကြောင်းသိရသည်။
မတ်လ ၂၆ ရက်၊နံနက် ၁၀ နာရီခွဲခန့်တွင် ချောင်းဦးမြို့အဝင်၊ဘောလုံးကွင်းထိပ်၌ မိုင်းရှင်းရန်လာသည့် ကားကို ကာကင်းယူပေးသည့် စစ်သားများအား မိုင်း ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLDF (ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး)ထံကသိရသည်။
“စစ်သားတွေက ၂၆ ရက်နေ့ မနက်ပိုင်းမှာ ချောင်းဦးမြို့ထဲကနေ ဒိုင်နာကားနဲ့ထွက်လာပြီး အောင်ချမ်းသာရွာနဲ့ စိုး ဆီဆိုင်ကြားမှာ မိုင်းရှင်းတဲ့ကားကို ကင်းယူပေးတာပါ။အဲ့ဒီစစ်သားတွေ က ချောင်းဦး ဘောလုံးကွင်းထိပ် ကျနော်တို့ မိုင်းပွိုင့်အရောက်မှာ မိုင်းဆွဲလိုက်တာပါ”ဟု BLDF ဗဟိုကော်မတီဝင် ရဲဘော်ဂျွန် ကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရစစ်သားများလည်း ရှိပြီး စစ်တပ်ဘက်က ရမ်းသန်းပစ်ခတ်ကာ ချောင်းဦးမြို့နယ်ထွေအုပ်ရုံးထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။
“မုံရွေးကို ၂၃ ရက်၊ ၂၄ ရက် ၂ ရက်မီးရှို့ခဲ့တဲ့ စစ်သားတွေကို မိုင်းပွိုင့် ၃ ပွိုင့်ခင်းပြီး မိုင်းဆွဲတာပါ။စစ်သား ၄ ဦးသေတာ မျက်မြင်တွေ့ရပါတယ်။ဒဏ်ရာရတွေလည်းများတယ်” ဟု တိုက်ပွဲဝင်PDF ရဲဘော်တစ်ဦးကပြောသည်။
စစ်သားများထိခိုက်၊သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။