ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU)၏နယ်မြေများအတွင်း ပြီးခဲ့သည့် လေးရက်အတွင်းက အကြမ်းဖက်စစ်တပ်နှင့်ကရင့်ကာကွယ်ရေးတပ်များတိုက်ပွဲ အကြိမ်(၃၀) ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်သား ၂၀ဦးသေဆုံးခဲ့ကြောင်းသိရသည်။
KNUသတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်ထားသော သတင်းများအရ ပြီးခဲ့သည့် လေးရက်အတွင်းက အကြမ်းဖက်စစ်တပ်နှင့် ကရင့်ကာကွယ်ရေးတပ်များ တိုက်ပွဲ အကြိမ် (၃၀) ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်သား၂၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။
KNUတပ်မဟာနယ်မြေများဖြစ်သည့် တပ်မဟာ ၁ ၊တောင်ငူခရိုင် တပ်မဟာ ၂ နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေများတွင်လည်း စစ်တပ်၏စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိသည်။လေးရက်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင်KNUဘက်မှ တပ်သားများထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍သတင်းထုတ်ပြန်ထားသည်ကိုမတွေ့ရပေ။
အကြမ်းဖက်စစ်တပ်အနေဖြင့် KNUနယ်မြေမူတြော်ခရိုင်အတွင်းရှိ ပြည်သူအများအပြားစစ်ရှောင်နေသော နေရာများကိုလေယာဥ်ဖြင့် လာရောက်ရှာဖွေထောက်လှမ်းခြင်း၊ လက်နက်ကြီးဖြင့်ထုခြင်း၊လုပ်ငန်းခွင်များသို့လက်နက်ကြီးဖြင့်လှမ်းပစ်ခြင်းများပြုလုပ်ခဲ့သည်ဟု KNUသတင်းနှင့်ပြန်ကြားရေးထံမှသိရသည်။
လတ်တလောတွင် အကြမ်းဖက်စစ်တပ်က KNUနယ်မြေများသို့ စစ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ရိက္ခာများ စုဆောင်းနေခြင်းများပြုလုပ်လျက်ရှိနေပြီး KNUနယ်မြေများအတွင်း စစ်ရေးတင်းမာမှုများရှိနေသည်။
ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ တပ်မဟာများကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တပ်ရင်းများမှ အစောင့်တပ်များသာ ချန်ထားပြီးအခြားစစ်သားများကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်သို့ စေလွှတ်ထားကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်မိသားစုဝင်အချို့က ဩဂုတ်လ၁၀ရက်နေ့တွင် MPAသို့အတည်ပြုပြောကြားထားသည်။
KNUနယ်မြေအတွင်း ဖြစ်ပွားသောတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်KNDOတို့မှ ပြန်လည်ခုခံချေမှုန်းနေကြခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်အနေဖြင့် နိုင်ငံတော်အာဏာကိုလုယူပြီးခြောက်လကျော်အကြာတွင် နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၏စစ်ရေးအရခြိမ်းခြောက်မှုကို ခံနေရပြီးစစ်မျက်နှာအသီးသီးတွင် တင်းမာမှုများဖြစ်ပွားလျက်ရှိသည်။တိုက်ပွဲများဖြစ်ပွားလာခြင်း၊စစ်ရေးအရတင်းမာမှုများရှိလာသည့်အချိန်တွင် တပ်တွင်း၌လည်း တပ်ပြေးများ၊ပြည်သူလူထုနှင့်ပူးပေါင်းသူတပ်သားများအများအပြားရှိလာသည်။
စစ်တပ်သည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းအစရှိသည့်နေရာများတွင် ဒေသခံကာကွယ်ရေးတပ်များ၊တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။အပြင်းအထန်ဖြစ်ပွားနေသောတိုက်ပွဲများတွင်စစ်တပ်က လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခြင်း၊ လူသားဒိုင်းကာအသုံးပြုခြင်း၊ လူနေအိမ်များကိုဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားများကိုတိုက်ခိုက်ခြင်း၊ဘာသာရေးအဆောက်အအုံ များကိုတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိသည်။
Photo-KIC(ယခင်ကရိုက်ကူးထားသောပုံဖြစ်ပါသည်)