မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကုန်ကြမ်းထုတ်လုပ်ရေး စက်ရုံကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မတ်လ ၂၅ရက်၊ နံနက် ၁၀နာရီခန့်က မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်ခြေရှိ စစ်ကောင်စီတပ်၏ လက်နက်ကုန်ကြမ်းထုတ်လုပ်ရေးစက်ရုံကို ရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် -၄တပ်ရင်း (Natogyi People Defence Force) ကသတင်းထုတ်ပြန်သည်။
“ ကပစလို့တော့ ပြောလို့မရဘူးဗျ။ ကုန်ကြမ်းပဲထုတ်တာဆိုတော့လေ။ လည်ပတ်နေတုန်းပဲဗျ။ အဲ့ဘက်ကျ ဘာသတင်းမှမရဘူး။ ဒေသခံလည်းဝင်လို့မရဘူး။ ရဲတွေတောင် အဝင်မခံဘူး။ အနီးနားရွာတွေလည်းမရှိဘူး။ သူတို့ရဲ့ ကာထားတဲ့ ဧရိယာ ၃မိုင်ပတ်ချာလည်ကို အပြင်လူ အဝင်မခံဘူး” ဟု မြင်းခြံခရိုင် အမှတ်- ၄တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စက်ရုံဝင်းထဲသို့ ရှော့တိုက်ဒုံး ၁၀လုံးစလုံး ကျရောက်ပေါက်ကွဲသော်လည်း ထိခိုက်ပျက်စီးမှုကိုမူ စုံစမ်း၍မရကြောင်း စစ်ကောင်စီတပ်ဘက်က ၆၀(မမ)နှင့် လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
“ ဝင်းက ကျယ်တော့ ကျတာတော့ အဲ့ထဲတွေကျတယ်။ ထိခိုက်ပျက်စီးမှုကျ စုံစမ်းလို့မရဘူး။ ၆၀(၆၀-မမ လက်နက်ကြီး)တွေနဲ့ ရမ်းထုတာတွေ၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတွေတော့ရှိတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် – ၄တပ်ရင်း (Natogyi People Defence Force)၊ မန္တလေးခရိုင်တပ်ရင်း – ၃၊ နွားထိုးကြီးမြို့နယ်ပကဖ၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့နှင့် Security & Special Task Force (SSTF-Mandalay) အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။