အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ယခုနှစ်မိုးဦး၊ မိုးလယ်တွင် မိုးရွာသွန်းမှုနည်းပါးမည်ဟု မိုးလေဝသပညာရှင်များက ထုတ်ပြန်ပြောဆိုထားခြင်းကြောင့် မိုးစပါးစိုက်တောင်သူများ စပါးစိုက်ပျိုးရန်အခက်တွေ့နေကြောင်း ပဲခူးတိုင်းတောင်ပိုင်းရှိ တောင်သူများထံက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်း မိုးစပါးစိုက်ပျိုးချိန် မိုးရေလုံလောက်စွာ မရရှိခြင်းကြောင့် စပါးအထွက်နှုန်းလျော့ကျပြီး တောင်သူများအနေဖြင့် များစွာအရှုံးပေါ်ခဲ့ကြောင်း အုတ်ဖိုမြို့နယ်အတွင်းရှိ အသက် ၄၀ အရွယ်တောင်သူအမျိုးသားတစ်ဦးကပြောသည်။
“မနှစ်က မိုးဦး၊ မိုးလယ်မကောင်းဘူးလေ။ စပါးပင်တွေ အပင်ပွားမယ့်အချိန် လယ်ထဲရေကမရှိ၊ ကုန်းကျတဲ့ လယ်တွေဆို ပိုဆိုးတယ်။ ရေမရှိတော့ ပေါင်းပင်တွေလည်းမနိုင်တော့ဘူး။ စပါးတွေကလည်း တိုတိုလေးတွေနဲ့ ၊ ၁ ဧကမှ ပျမ်းမျှ ၃၀ လောက်ရတာ၊ ၁ ဧကကို ၄ သိန်းလောက်အနည်းရှုံးတယ်၊ အခုဒီနှစ်က မိုးပိုခေါင်မယ်ဆိုတော့ စိုက်ဖို့တောင်တော်တော်စဉ်စားနေရပြီ” ဟု ၎င်းကရှင်းပြသည်။
ယခင်နှစ်များက မိုးစပါးစိုက်ပျိုးရာတွင် အခြောက်ကြဲစနစ်ဖြင့် စပါးစိုက်ပျိုးခြင်းများပြုလုပ်ကြပြီး ယခုနှစ်တွင် မိုးပိုခေါင်မည်ဆိုခြင်းကြောင့် စပါးစိုက်ပျိုးချိန်နောက်ကျနိုင်ကြောင်း ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အသက် ၅၀ အရွယ် လယ်သမားတစ်ဦးက ဆက်လက်ပြောသည်။
“ရာသီဥတုအခြေအနေကြည့်စိုက်ရမှာပဲ၊ အရမ်းနောက်ကျသွားရင်လည်း မတ်ပဲက စိုက်လို့ရမှာမဟုတ်တော့ဘူးလေ။ ပဲဈေးကကောင်းနေတော့ ပဲကိုအဓိက အားထားစိုက်ရမှာ၊ စပါးကတအား နောက်ကျသွားရင်လည်း ပိုးကျတာတွေဖြစ်လာရော၊ နောက်ကျစိုက်ပြီးတော့မှ စပါးအပင်မသန်သေးတဲ့အချိန် မိုးကောင်းလာပြီး ရေနစ်ပျက်စီးမှာကိုလည်း ကြောက်နေရတယ် ”ဟု ၎င်းကဆိုသည်။
သွင်းအားစုဈေးနှုန်းများကြီးမြင့်လာခြင်းနှင့်အတူ စိုက်ပျိုးစရိတ်များပါကြီးမြင့်လာပြီး ရာသီဥတုဖောက်ပြန်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရခြင်းကို စိတ်ပျက်လာကြောင်း မင်းလှမြို့နယ်အတွင်းရှိ အသက် ၅၀ အရွယ် တောင်သူအမျိုးသမီးတစ်ဦးက စိတ်ပျက်စွာပြောသည်။
“တစ်နှစ်ထက်တစ်နှစ် မြေဆီဈေးတွေ၊ ထွန်ခ၊ ယက်ခတွေက ပိုဈေးကြီးလာတယ်၊ ရာသီဥတုကလည်း တစ်နှစ်ထက်တစ်နှစ်ပိုဖောက်ပြန်လာတယ်၊ တကယ်လိုအပ်ချိန်ဆို မိုးကမရွာတော့ဘူး။ မလိုအပ်တဲ့အချိန် စပါးရိတ်တော့မယ်ဆို ရေကြီးလိုက်၊ မုန်တိုင်းဝင်လိုက်၊ မိုးရက်ဆက်ရွာတာနဲ့ စပါးတွေရေမြုပ်ကုန်ရော၊ ဘာမှမရတော့ဘူး။ အခုနှစ်ဒီထက်ပိုဆိုးမယ်ဆိုတော့ အန်တီတို့ လယ်လည်းမလုပ်ချင်တော့ဘူး။ ရှိတဲ့ အရင်းအနှီးလေး ထပ်ဆုံးရှုံး မခံနိုင်တော့ဘူး” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း မိုးခေါင်မှုနှင့် စပါးရိတ်သိမ်းချိန် ရေနစ်မြုပ်မှုများကြောင့် ပဲခူးတိုင်းတောင်ပိုင်းရှိ မြို့နယ်များတွင် စပါးထွက်နှုန်းသိသာစွာကျဆင်းခဲ့ကြောင်း သိရသည်။