ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေသည့် non-CDM ဝန်ထမ်း(၅)ဦးကို PDF-Zolandက မတ်လ ၂၅ ရက်၊ နံနက် ၅ နာရီတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။
စစ်ကောင်စီနှင့်ပတ်သက်ခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်းများကို မပြုလုပ်ရန် PDF-Zolandအနေဖြင့် အကြိမ်ကြိမ်သတိပေးထားသော်လည်း လိုက်နာခြင်းမရှိသဖြင့် အဆိုပါစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဆရာ Jabez က MPA ကိုပြောသည်။
“ တီးတိန်မြို့ပေါ်က သူတို့(ဖမ်းဆီးထားသူများ)နေအိမ်တွေကို တပြိုင်တည်းဝင်ပြီးတော့ ဖမ်းဆီးခဲ့တာပေါ့နော်။ ကျွန်တော်တို့အခုဖမ်းထားတဲ့ သူတွေပဲခေါင်းဆောင်ပြီးတော့ မြို့ပေါ်မှာ တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းတွေ၊ ဒေတာအချက်အလက်တွေကောက်တယ်။ စစ်မှုမထမ်းမနေရအတွက် စာရင်းတွေလိုက်ကောက်နေလို့ ဖမ်းတာပါဗျ” ဟု ၎င်းကရှင်းပြသည်။
ဖမ်းဆီးထားသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း (၅) ဦးမှာ အသက် ၃၆ နှစ်အရွယ် လက်ထောက်အင်ဂျင်နီယာ ကပ်ဆွင်းခွါလ်(စည်ပင်)၊ အသက် ၅၅ နှစ်အရွယ် ဒုကြီးကြပ် ခွါလ်လျန်းမှုန်(မွေး/ကု)၊ အသက် ၄၈ နှစ်အရွယ် အုပ်စုစာရေး လျန်းလမ်ခိုင်(ထွေအုပ်)၊ အသက် ၄၈ နှစ်အရွယ် အား/ကာမှူး ရှင်းခန့်ခွါလ်နှင့် အသက် ၅၇ နှစ်အရွယ် အငယ်တန်းစာရေး နန်ဆွင်းဂင့်(လဝက)တို့ဖြစ်ပြီး ၎င်းတို့ကို NUG အစိုးရ၏ ချမှတ်ထားသည့်ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟုဆိုသည်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် တီးတိန်မြို့စစ်ကောင်စီအနေဖြင့် မတ်လ ၁၇ ရက်တွင် အစည်းအဝေးထိုင်၍ မတ်လ ၁၈ ရက်မှစတင်ကာ မြို့ပေါ်နေရာ(၃)နေရာတွင် လူငယ်များအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
“ ၁၈ ရက်နေ့က မြို့ပေါ်သွားလာတဲ့ လူတွေကိုစစ်ဆေးပြီးတော့ ခွာဒိုရ်ခန်းမရယ် မူကြိုကျောင်းရယ်မှာ လူငယ်တွေကို ဖမ်းထားပြီး စစ်မှုထမ်းဖို့ ဖောင်ဖြည့်ခိုင်းပြီးမှ ပြန်လွှတ်တာ။ ၁၉၊ ၂၀ ရက်တွေကျတော့ တစ်အိမ်တက်ဆင်း စာရင်းလိုက်ကောက်ကြတာတွေ လုပ်တယ်။ မနေ့က non-CDM တွေကို Zoland ကဖမ်းပြီးတော့ စစ်သားတွေ မြို့ထဲလာပြီး သေနတ်တွေရမ်းသမ်းပစ်ဖောက်တာရှိတယ်။ ဒီမနက်လည်း လျှပ်စစ်ရုံးဘက်မှာ သူတို့ဟာသူတို့ ဗုံးပေါက်ခွဲပြီး သေနတ်တွေပစ်ဖောက်တာရှိတယ်” ဟု တီးတိန်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပဆိုသည်။
တီးတိန်မြို့နယ်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအသက်သွင်းရန် လုပ်ဆောင်နေသကဲ့သို့ တစ်ဖက်တွင် လူငယ်ရာနှင့်ချီ၍ PDF-Zoland ထံ ဝင်ရောက်ခိုလှုံလာလျက်ရှိနေကြောင်း ဆရာJabezက ဆက်လက်ပြောသည်။
“ များသောအားဖြင့်တော့ အသက် ၁၆ နှစ်နဲ့အထက် လူငယ်တွေပေါ့နော်။ ကျွန်တော်တို့ PDF-Zoland ဘက်ကို အတော်များများဝင်လာကြတယ်။ အဲ့ဒါကို ကျွန်တော်တို့စိစစ်ပြီးတော့ လက်ခံတယ်။ ကျန်တဲ့လူတွေကိုတော့ လွတ်မြောက်တဲ့နေရာမှာ ကောင်းကောင်းပြုစု၊ ပျိုးထောင်ပေးထားပါတယ်” ဟု ၎င်းကဆိုသည်။။
စစ်မှုမထမ်းမနေရဥပဒေကို အဓမ္မပြဌာန်းမှုသည် စစ်ကောင်စီ၏ နောက်ဆုံးအခြေအနေကို ညွှန်ပြနေသည့်လက္ခဏာဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် နွေဦးတော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ စိတ်ပိုင်း၊ရုပ်ပိုင်း အင်အားမကျဆင်းဘဲ PDF-Zoland နှင့်အတူ လက်တွဲပါဝင်ပေးကြပါရန် ဆရာJabez ကတိုက်တွန်းထားသည်။