မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ဒေသအချို့တွင် ဧပြီလအထိ နေ့အပူချိန်များ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသပညာရှင်များထံက သိရသည်။
လတ်တလောနေ့အပူချိန်များသည် ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင်ရှိနေပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသများနှင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် အပူချိန်ပိုမိုခံစားရနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။
“၄၀ အထက်ပူပြင်းမှုက ဧပြီလနဲ့ မေလထဲအထိပေါ့။ အကယ်၍ ဘင်္ဂလားပင်လယ်အော်မှာ ထူးခြားတဲ့ မိုးလေဝသအခြေအနေတစ်ခုခု – မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်း ဖြစ်မလာဘဲ အခုလက်ရှိရာသီဥတုအခြေအနေကို ပြောင်းလဲမပစ်နိုင်ရင် ဆက်ပြီးပူနေပါဦးမယ်”ဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောသည်။
နေ့အပူချိန်ပိုမိုမြင့်တက်လာခြင်းကြောင့် မြေအောက်ရေဆုတ်ခွာလာပြီး မြေဆီလွှာစိုထိုင်းဆပိုမိုလျော့ကျလာပြီး မြစ်ကြီးများ၏ ရေအမှတ်သည်လည်း အနိမ့်ဆုံးရေအမှတ်ထိ ကျဆင်းသွားနိုင်ကာ သောက်သုံးရေရှားပါးမှု ပြဿနာများနှင့် ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း ဦးဝင်းနိုင်က ထပ်မံသတိပေးထားသည်။
“သောက်သုံးရေအတွက်ရော၊ စိုက်ပျိုးရေအတွက်ပါ ရေကိုချွေတာစုဆောင်းသုံးစွဲကြဖို့လိုပါမယ်။ အပူဒဏ်က ကာကွယ်နိုင်အောင်၊ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားတာတွေက ကာကွယ်နိုင်အောင် ကျန်းမာရေး ပညာပေးတာတွေအတိုင်း လိုက်နာဆောင်ရွက်နေထိုင်ကြဖို့လိုမယ်”ဟု ဦးဝင်းနိုင်ကဆိုသည်။
အပူချိန်မြင့်တက်သည့်ဒဏ်ကို ကလေးငယ်များသာမက သက်ကြီးရွယ်အိုများက ပိုမိုခံစားရနိုင်ပြီး မြင့်တက်လာသည့်အပူဒဏ်ကြောင့် အသက်ဆုံးရှုံးနိုင်သည်အထိ ကြုံတွေ့ရနိုင်သဖြင့် သင့်တော်သည့် နေထိုင်သွားလာမှုမျိုးသာလုပ်ဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကလည်း သတိပေးထားသည်။
“အခုဆို မူးလဲလို့ မေ့လဲလို့ဆိုပြီး ဆေးခန်းလာပြတဲ့သူတွေများတယ်။ ကြည့်လိုက်ရင် နေ့လည်ပိုင်းတွေချည်းပဲ၊ သွားတာလာတာ အကာအကွယ်တွေယူသွားပြီးမှ နေပူထဲထွက်ပါ၊ ချွေးထွက်များလာနိုင်လို့ ရေများများသောက်ပေးပါ၊ ဓာတ်ဆားရည်လည်း ဆောင်ထားသင့်ပါတယ်” ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက အကြံပြုသည်။
ကမ္ဘာကြီးပူနွေးလာခြင်း(Global Warming)နှင့် ရာသီဥတုပြောင်းလဲခြင်း(Climate Changes) ဖြစ်စဉ်များသည် ပြီးခဲ့သည့်ဆယ်စုနှစ်များကတည်းက စတင်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် ဆိုးရွားသည့် ရာသီဥတုဒဏ်ကို ဆက်လက်ရင်ဆိုင်နေရဦးမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ဆိုသည်။