စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် မိုင်းရှင်းနေသည့် စစ်သားများက လမ်းဘေးခြုံများကို မီးရှို့စဉ် နေအိမ် ၂လုံး မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
မတ်လ ၂၃ရက်၊ ညနေ ၅နာရီဝန်းကျင်က မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာ၊ စွမ်းရည်ထက်ဆီဆိုင်ဂိတ်နှင့် ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်တို့မှ စစ်အုပ်စုဝင်အင်အား ၆၀ဝန်းကျင်သည် မုံရွာ – ချောင်းဦး လမ်းပိုင်းတလျှောက် မိုင်းရှင်းကာ ခြုံများကို မီးရှို့စဉ် မုံရွာမြို့နယ်၊ မုံရွေး၊ ကြေးမုံရွာမှ လမ်းဘေးနေအိမ် ၂လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
“ ၂အိမ်နဲ့ ၁ခြမ်းပေါ့။ မြက်တွေ ခြုံတွေရှို့တာပေါ့။ ပါသွားတဲ့ အိမ်တွေက တာယာ လုပ်တဲ့ အိမ်တွေဆိုတော့ လောင်တာများတာပေါ့။ ညနေ ၆ခွဲလောက်ကျတော့ မီးငြှိမ်းနိုင်လိုက်တယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်က မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ ချောင်းဦးမြို့နယ်အထိ မုံရွာ-ချောင်းဦး လမ်းပိုင်း တောက်လျှောက် PDF မိုင်းများကို လိုက်လံရှင်းလင်းနေသဖြင့် မတ်လ ၂၀ရက်မှ ယနေ့ (မတ်လ ၂၄ရက်)အထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံရွာမြိုနယ်၊ မုံရွာ-ချောင်းဦးလမ်းဘေးရှိ ကျေးရွာတစ်ရွာမှ ပြည်သူတစ်ဦးကပြောသည်။
“ ရှောင်ရတာ ၄ရက်လောက်တော့ရှိပြီ။ ရွာထဲတော့ မဝင်သေးဘူး။ လမ်းဘေးက မိုင်းတွေလိုက်ရှင်းနေတာ။ ဒါပေမဲ့၊ လက်နက်ကြီးပစ်မှာ ကြောက်ရတော့ ရှောင်ရတယ်လေ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်က မုံရွာ-မန္တလေးလမ်းပိုင်းရှိ မိုင်းများကို အလောတကြီး ရှင်းလင်းနေခြင်းမှာ စစ်ယာဉ်တန်းဖြတ်သန်းလိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မတ်လ ၂၀ရက်နေ့က ယင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ၅ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၆ဦးသေဆုံးခဲ့ကြောင်းသိရသည်။