ပြည်တွင်းရွှေဈေးကွက်တွင် ရည်ညွှန်းပေါက်ဈေးအတိုင်း အရောင်းအဝယ်ပြုလုပ်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ကြေညာထားသော်လည်း လက်ရှိအချိန်ထိ ပြင်ပပေါက်ဈေးနှင့် ကွာဟနေသေးကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရွှေဝယ်ယူစုဆောင်းသူအလွန်များပြားနေခြင်းကြောင့် ရွှေဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းဖြစ်ပြီး YGEA အနေဖြင့်လည်း ရွှေဈေးနှုန်းတည်ငြိမ်အောင် ထိန်ကျောင်းပေးနိုင်မည်မဟုတ်ကြောင်း အမည်မဖော်လိုသည့် ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“သူတို့က ဈေးသတ်မှတ်လိုက်တာနဲ့ ဈေးထိန်းလို့ရပြီထင်တာ မဟုတ်ဘူးလေ။ ပြဿနာက သူတို့အသင်းမှာ ကျွန်တော်တို့ကိုရောင်းပေးဖို့ ရွှေမရှိဘူး။ အဲ့ဒီတော့ ပွဲစားကုန်သည်တွေအဆင့်ဆင့် ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးတွေပြောကြ၊ ရောင်းကြ၊ ဝယ်ကြတာလေ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် YGEA က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃,၇၉၅,၀၀၀ ဖြင့် ရောင်းချပေးရန် ရည်ညွှန်ဈေးသတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းကျော်ပေါက်ဈေးရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ပြင်ပဈေးကွက်ရှိ ရွှေအရောင်းအဝယ်ပြုလုပ်သူများနှင့် ရွှေဆိုင်အားလုံး သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း အရောင်းအဝယ်ပြုလုပ်ကြရန်ှင့် မပြုလုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် မတ်လ ၁၆ ရက်က သတိပေးထားပြီး ရွှေဈေးနှုန်းမြင့်တက်အောင် ဈေးကစားသူများကိုလည်း အရေးယူသွားမည်ဟု ပြောကြားထားသည်။
ပြည်တွင်းရွှေဈေးကွက်မှာ ၂၀၂၂ ခုနှစ်မှစတင်ကာ ဈေးနှုန်းများသိသိသာသာ လှုပ်ခတ်ခဲ့ပြီးနောက် အချို့ရွှေဆိုင်များသည် အခေါက်ရွှေရောင်းဝယ်မှုကို ရပ်နားခဲ့ကြသော်လည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဈေးနှုန်းများကိုဖော်ပြခြင်းမရှိတော့ပေ။
“ဈေးကွက်က ဘာတွေဖြစ်လာမှန်းတောင်မသိဘူး။ အစကတော့ ရောင်းသေးတယ်၊ အခုနောက်ပိုင်းအခေါက်ကို အရောင်းရပ်လိုက်တယ်၊ အထည်တွေပဲရောင်းတော့တယ်၊ ဈေးအပြောင်းအလဲက အရမ်းကြမ်းလာတာ၊ နောက်ထပ်လည်း အတက်ပဲရှိလာတော့မှာ ကျဖို့တော့မမြင်တော့ဘူး။ အမြဲတမ်းစံချိန်တင်ဈေးတွေပဲဖြစ်မှာ”ဟု မဟာဗန္ဓုလလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်သည်။
အာဏာမသိမ်းမီက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာရှိခဲ့ရာမှ အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလတွင်း ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ် ၄၂ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။