စစ်ကောင်စီ၏ ပြည်နယ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံလူဦးရေ ၇၀၀ နီးပါးကို စစ်မှုထမ်းရန်အတွက် စာရင်းအတိအကျဖြင့် လူစုဆောင်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“မနက်က ရပ်ကွက်ထဲကို သေနတ်နဲ့ပစ်ပြီး ဝင်လာတယ်။ ပြီးတော့ ရပ်ကွက်ရုံးမှာ လူစာရင်းစစ်တယ်။ စစ်မှုထမ်းဖို့အတွက်တဲ့ အယောက် ၆၈၀ တောင်းတယ်။ လ.ဝ.က ရုံးကိုသွားပြီးမှ အဲ့ဒီ လ.ဝ.က အိမ်ထောင်စုအတိုင်း ဘယ်ရပ်ကွက်မှာ အိမ်ခြေဘယ်လောက်ရှိတယ်။ လူဦးရေးက ဘယ်လောက်ရှိတယ်။ ဘယ်အိမ်ထောင်စုမှာ ဘယ်အရွယ်ရှိတယ်ကအစ စာရင်းတွေ အရင်ကြည့်ပြီးမှ ရပ်ကွက်တွေကိုဝင်ပြီး အုပ်ချုပ်ရေးမှူးတွေဆီတောင်းတာ။ အိမ်နံပတ် ဘယ်လောက်က ဘယ်သူ့သား မှတ်ပုံတင်နံပါတ် ဘယ်လောက်ကိုင်ဆောင်တဲ့လူငယ်ကို ထုတ်ပေးဆိုပြီး အတိအကျနဲ့ကို တောင်းတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ရှင်းပြသည်။
စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရိုဟင်ဂျာဒုက္ခသည်များကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မလူစုဆောင်းမှုများ လုပ်ဆောင်ခဲ့သလို ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး တိုက်ပွဲများအတွင်း ရိုဟင်ဂျာဒုက္ခသည်များ ရာနှင့်ချီသေဆုံးမှုများရှိကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA)၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီအနေဖြင့် ရခိုင်မြောက်ပိုင်းရှိ တပ်စခန်းများနှင့် မြို့အားလုံးနီးပါး လက်လွှတ်ခဲ့ရပြီးနောက် ၎င်းတို့ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် ဒေသများမှ ရိုဟင်ဂျာများအား ရပ်ရွာကာကွယ်ရေးအကြောင်းပြကာ စစ်သင်တန်းပေးခြင်းများ လုပ်ဆောင်နေသလို စစ်တွေမြို့ရှိ ရခိုင်ဒေသခံများကိုလည်း လူစုဆောင်းမှုများလုပ်ဆောင်လာခြင်းဖြစ်သည်။
“သူတို့ကတော့ စာရင်းအတိအကျနဲ့ တောင်းပေမယ့် ပါသွားတဲ့သူတော့ မရှိဘူး။ အခုတော့ ကျွန်မတို့ ရပ်ကွက်မှာ လူတွေ ရှောင်ကုန်ကြပြီ။ ကျွန်မတို့ ရပ်ကွက်တင်မဟုတ်ပါဘူး။ တစ်မြို့လုံးနီးပါးကို ရှောင်ကုန်ကြတာ။ နည်းနည်းချမ်းသာတဲ့ မိသားစုကတော့ ရန်ကုန်မှာရှောင်တယ်။ အလယ်အလတ်တွေကတော့ ရခိုင်ပြည်နယ်ထဲက တခြားမြို့တွေနယ်တွေမှာ ရှောင်ကြတာပေါ့။ မြို့မှာ ကျန်ခဲ့တဲ့ လူတွေကတကယ့်ကို မရှိကြတဲ့ ဆင်းရဲသား လက်လုပ်လက်စားတွေပဲကျန်ခဲ့တာ” ဟု စစ်တွေမြို့မှ တိမ်းရှောင်လာသောအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်မှုထမ်းဥပဒေသည် နိုင်ငံတစ်ခုမှ နိုင်ငံတစ်ခုသို့ စစ်ရေးအရ ကျူးလွန်လာမှသာလျှင် မိမိနိုင်ငံကို ကာကွယ်ရန်အတွက် မလွှဲမရှောင်သာသော အခြေအနေမျိုးတွင် တိုင်းသူပြည်သားများအား ဆင့်ခေါ်သော ဥပဒေတစ်ရပ်ဖြစ်သော်လည်း စစ်ကောင်စီအနေဖြင့် ပြည်တွင်းစစ်တွင် အသုံးပြုရန်အတွက် စစ်သားစုဆောင်းခြင်းသည် စစ်ကောင်စီ၏ ဆင်ခြင်တုံတရားမဲ့သော လုပ်ဆောင်ချက်သာ ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ယခု မတ်လအတွင်းက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မှတ်ချက်ပြုပြောဆိုထားခဲ့သည်။
စစ်တွေမြို့ခံတစ်ဦးကလည်း “လူစာရင်းအတိအကျရလို့ အတိအကျတောင်းတိုင်း ပေးရအောင်လည်း သူတို့(စစ်ကောင်စီ)မွေးထားတဲ့ တိရိစ္ဆာန်တွေမှ မဟုတ်တာ၊ လူတွေလေ။ ဒီအတွက်တော့ ကြိုတင်ပြင်ဆင်မှုတွေလည်း မလုပ်နိုင်ပါဘူး။ ရပ်ကွက်မှာကလည်း လူဦးရေ ၃ ပုံ၊ ၂ ပုံလောက်က မရှိကြတော့ဘူး။ လူစာရင်းတောင်းလို့မရရင် မီးရှို့ချင်ရင်ရှို့ပေါ့။ အဆိုးဆုံးကိုပဲ ကြိုတွေးထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း မရှိတော့ဘူး။ သူလည်း သားတွေရှိတော့ လွတ်ရာမှာ ရှောင်နေတာဖြစ်နိုင်တယ်” ဟု ဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအား အတည်ပြုပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားတွင်ရောက်ရှိနေသာ ရခိုင်ပြည်သူများအပါအဝင် စစ်ကောင်စီဖိနှိပ်မှုများခံနေရသော ပြည်သူများအနေဖြင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများမှ တိမ်းရှောင်ကြရန် ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားပြီး ရခိုင်ဒေသခံအများစုမှာ ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားရာ ဒေသများသို့ တိမ်းရှောင်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။