တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက လိုင်စင်မဲ့ ဆိုင်ကယ်များကို ပြီးခဲ့သည့် မတ် ၂၀ရက်တွင် စာရင်းကောက်ယူပြီးနောက် မတ် ၂၁ရက်တွင် သိမ်းဆည်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မြိတ်မြို့ရှိတဲ့ ရပ်ကွက်အလိုက် သူ့အပိုင်နဲ့သူ လိုင်စင်မဲ့ဆိုင်ကယ် စာရင်းတွေလိုက်ကောက်တာ၊ တစ်အိမ်မှာ ဆိုင်ကယ်ဘယ်နှစ်စီးရှိလဲ၊ လိုင်စင်ရှိတာကော၊ မရှိတာတွေကော စာရင်းကောက်ပြီး နောက်ရက်မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လာသိမ်းတာပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြိတ်မြို့၊ တိုးချဲ့ဇေယျာသီရိ (၃)ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။
ယခုကဲ့သို့ လိုင်စင်မဲ့ ဆိုင်ကယ်များကို စာရင်းကောက်ခံပြီး သိမ်းဆည်းမှုများပြုလုပ်ရခြင်းသည် ယာဉ်ထိန်းရဲနှင့် ရဲများက ဖိအားပေးခြင်းကြောင့် အုပ်ချုပ်ရေးမှူးများက လိုက်လံဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ ဒီလထဲမှာ ရပ်ကွက်မှာ ဧည့်စာရင်းတွေစစ်လိုက်၊ သန်းခေါင်စာရင်းနဲ့ အိမ်ရှိလူတွေ တိုက်စစ်လိုက်၊ ဘာကြေးညာကြေးဆိုပြီး ပိုက်ဆံတောင်းလိုက်လုပ်နေတာ၊ အခုလည်း ဆိုင်ကယ်တွေဘက်ရောက်လာပြီ ပိုက်ဆံ ဘယ်လောက်တောင်းမလဲမသိသေးဘူး” ဟု မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။
“ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို သိမ်းနေတာဆိုတော့ တစ်မြို့လုံးမှာရှိတဲ့ ဆိုင်ကယ်တွေရဲ့ သုံးပုံ နှစ်ပု့လောက်က အသိမ်းခံ ရနိုင်တယ်။ ဘာလို့လဲဆိုတော့ လိုင်စင်ဘီးတွေက အခုနောက်ပိုင်း သိန်း ၃၀နီးပါးပေါက်နေတာဆိုတော့ မြို့ခံအတော် များများက လိုင်စင်မဲ့ ဆိုင်ကယ်တွေစီးတာများတယ်” ဟု မြိတ်မြို့၌ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကပြောသည်။
လက်ရှိ မြိတ်မြို့အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို မေးမြန်းသော်လည်း အထက်အမိန့်အရဆောင်ရွက်ရခြင်းဖြစ်သည်ဟုသာ ဖြေကြားခဲ့ပြီး သေချာသည့်အကြောင်းပြချက်ပေးခြင်းမရှိကြောင်း မြိတ်မြို့၊ တိုးချဲ့ဇေယျာသီရိ (၃)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စစ်တပ်၊ ရဲ၊ ထွေအုပ်နှင့် စစ်တပ်သတင်းပေးများကို တော်လှန်ရေးတပ်ဖွဲ့များက ဆိုင်ကယ်အသုံးပြု၍ တိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့သော ကြောင့် မြန်မာနိုင်ငံအနှံ့တွင် ဆိုင်ကယ်စီးနင်းမှုကို စစ်ကောင်စီက တင်းကျပ်ထားသည်။