ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် ၂ရက်ဆက်တိုက် ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့( မတ် ၂၀ရက်)တွင် မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်အတွင်း နေထိုင်သည့် သံတိုသံစကောက်ယူရောင်းဝယ်နေ သည့် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။
“အခုတလော အရမ်းဆိုးလာတယ်။ နေ့တိုင်းကို ပြန်ပေးဆွဲခံနေရတာ၊ ရပ်ကွက်တစ်ခုမဟုတ်ရင် တစ်ခု၊ ဘယ်သူလုပ်နေလဲ၊ ဘယ်အဖွဲ့လည်း မသိကြဘူး။ ပြန်းပေးဆွဲခံရပြီဆိုရင် သတင်းမပေါက်ကြားဖို့တွေ သက်ဆိုင်ရာကို မတိုင်ဖို့တွေပြောတယ်။ ပြောတဲ့အတိုင်းမလုပ်ရင် အသက်အန္တရယ်ကို တာဝန်မယူဘူးဆိုပြီးတော့ကို ခြိမ်းခြောက်တာ” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၁၉ရက်တွင်လည်း မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်၊ ၄၅ကုန်းရပ်၌ နေထိုင်သည့် အသက် ၁၀နှစ်ကျော် နှင့် ၁၃နှစ်အရွယ် ကလေးငယ်နှစ်ဦး ပြန်ပေးဆွဲခံရပြီး ကျပ် သိန်း ၂၀၀ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်းလည်း သိရသည်။
“ ကလေးတွေကို ပြန်ပေးဆွဲခေါ်သွားတာက အမျိုးသား ၅ဦးပါတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက အဖြူရောင်ကားတစ်စီးနဲ့ ဖမ်းသွားတာ၊ ကလေးမိဘတွေက ကြက်သားရောင်းတဲ့သူတွေ၊ ကလေးကို သိန်း ၂၀၀နဲ့ ရွေးခိုင်းတာ မတက်နိုင်ဘူးလေ “ ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
လက်ရှိတွင် ပြန်ပေးဆွဲခံရသည့် ကလေးငယ်နှစ်ဦးကို မိဘများက ငွေပေး၍ ပြန်လည်မရွေးနိုင်သောကြောင့် ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့ပြင် မူဆယ်မြို့အတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေသော်လည်း နေ့စဉ် ခိုးမှု၊ လုယက်မှုနှင့် ပြန်ပေးဆွဲမှုများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ ဒီအချိန်မှာ ဘယ်လက်ကိုင်အဖွဲ့အစည်းမှ စည်းမရှိဘူး။ လုပ်ချင်သလိုလုပ်ကြတယ်။ အနုနည်းနဲ့ မရရင်အကြမ်းနည်း သုံးတာ၊ ပြည်သူကတော့ အားကိုးစရာမရှိတော့ဘူးလေ။ သူတို့(လက်နက်ကိုင်)တွေကတော့ အားကိုးစရာ သေနတ်ရှိတယ်လေ” ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
မူဆယ်မြို့တွင် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်များသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံ လှုပ်ရှားသည့် နယ်မြေတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မြို့အတွင်းရှိ ချမ်းသာသူများနှင့် လုပ်ငန်းရှင်များသာမက၊ အခြေခံလက်လုပ်လက်စားပြည်သူများပါ မကြာခဏ ပြန်ပေးဆွဲခံနေရခြင်းဖြစ်သည်။