စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော တပ်ကို PDF ပူးပေါင်းတပ် က တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
မတ်လ ၂၁ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်မှစ၍ ကောလင်းမြို့အနောက်ခြမ်းရှိ ရွာမ၊ စံတော်သာကုန်း၊မင်းကုန်း၊ဖန်ခါးကုန်းနှင့်ကျောက်ကြမ်းတောင်တို့သို့ စစ်သားအင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းများဖြန့်၍ စစ်ကြောင်းထိုးလာစဉ် PDF ပူးပေါင်းတပ်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း -၂ ထံကသိရသည်။
“ကျနော်တို့ တစ်နေကုန်နီးပါးတိုက်တာပါ။သူတို့က စစ်ကြောင်းဖြန့်ပြီး ကောလင်းမြို့စွန်ကနေ တိုးတာ။ကျနော်တို့က ကြားဖြတ်တိုက်တော့ သူတို့ရှေ့ကို မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်သွားတယ်” ဟု တိုက်ပွဲဝင် PDFရဲဘော်တစ်ဦးကပြောသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ကြောင်းသိရသည်။
“စစ်ကြောင်းက ကောလင်းအနောက်ခြမ်းကို ဖြန့်ပြီးစစ်ကြောင်း ထိုးတာ။တော်လှန်ရေးတပ်ဖွဲ့တွေက အားသာတော့ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတာ။ညနေပိုင်းလောက် ကျ အထိနာပြီးပြန်ဆုတ်သွားတယ်။စစ်တပ်က အကျအဆုံးများတယ်” ဟု Kawlin Info မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အထိနာသွားသည့် စစ်ကြောင်းသည် ကောလင်းမြို့စွန် ကျေးရွာများဖြစ်သည့် ရွာမ၊စံသာကုန်းနှင့်မင်းကုန်းကျေးရွာတို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
ယနေ့(မတ်လ၂၂ရက်)တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးလာပြန်သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်နေ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ကောလင်းခရိုင်တပ်ရင်း – ၂၊ယင်းမာပင်ခရိုင်ပူးပေါင်းတပ်၊ ကန့်ဘလူခရိုင်တပ် ရင်း – ၁၊ ကောလင်းမြို့နယ်(ပကဖ)နှင့်ကောလင်းခရိုင်(ပကဖ)-လက်ရုံးတပ် တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။