ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ ဂျိုးဖြူချက်ပွိုင့်တောင်ကုန်း တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ သေဆုံးစစ်သား၅ဦး၊လက်နက်၆၁လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့(SOF)က သတင်းထုတ်ပြန်သည်။
KNU တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းကို မတ်လ၁၈ရက်က KNLAနှင့် SOF တပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မတ်လ ၁၉ ရက် တွင် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ရန်သူ ၅ ဦးအလောင်းနဲ့ လက်နက် (၆၀) ကျော်ရတယ်။ ကျန်တဲ့စကစ ၅၀ လောက် ထိုင်းဘက်ခြမ်း ပိုင်ခလိုင်ရွာကို ထွက်ပြေးတယ်။ KNLA နဲ့ SOF ပူးပေါင်းအဖွဲ့ရဲ့ တိုက်ပွဲပါ” ဟု တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ကိုအောင်စံရှားက ပြောသည်။
မတ်လ ၁၈ ရက်တွင် စစ်ကောင်စီတပ်၏ မဲသရောထစခန်းကို ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းအား မီးရှို့ခဲ့ကြောင်း၊မတ်လ ၁၉ ရက်တွင် စစ်သားများ ထပ်မံအခြေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားပိတ်ဆို့ချေမှုန်းခဲ့ရာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ ၁၉ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ၁၈ ရက်နေ့က မဲသရောထစခန်းကို သိမ်းတယ်။ကျနော်တို့ ဘာမှ မရလိုက်ဘူး။သူတို့ပြန်ဆုတ်သွားတဲ့အချိန်မှာ စခန်းကို မီးရှို့ခဲ့တယ်။ထွက်ပြေးသွားတဲ့ စစ်ကြောင်းကို ကျနော် ပိတ်ဆို့ပြီးချေမှုန်းတဲ့အချိန်မှာ တောင်ကုန်းအမြင့်(ဂျိုးဖြူချက်ပွိုင့်)မှာ နေရာပြန်ယူပြီး ခံစစ်ပြန်လုပ်တာပေါ့” ဟု ၎င်းက ပြောသည်။
သိမ်းဆည်းရမိသော လက်နက်များတွင် လက်နက်ကြီးများလည်း ပါဝင်ကြောင်း ထိုင်းဘက်သို့ ထွက် ပြေးသွားသောစစ်သားများထဲတွင် ဒဏ်ရာရထားသူ များစွာပါကြောင်း သိရသည်။
“ဂျိုးဖြူချက်ပွိုင့်ကို ကျနော်တို့ ဝိုင်းပြီကျနော်တို့ပိတ်ဆို့နေတဲ့ကြားက နေ့လယ် ၁၂ လောက်မှာ ထိုင်းဘက်ခြမ်းကို ကူးသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားသော စစ်သားများထဲတွင် သေနတ်အချို့ပါသွားကြောင်း မြေပြင်တိုက်ပွဲဝင် ရဲဘော်တစ်ဦးကပြောသည်။
“ကြားရတာတော့ ထိုင်းစစ်တပ်နဲ့ဗမာစစ်တပ်နဲ့ ထုံးစံအတိုင်း မြန်မာနိုင်ငံကို ပြန်ပို့မယ်ထင်တယ်။အရင်ကလည်း ချိတ်ဆက်ပြီး မြဝတီ ကနေ ပြန်ပို့နေတာပဲ” ဟု၎င်း ကပြောသည်။
မတ်လ ၁၅ ရက်နေ့မှစ၍ စကခ -၁၉ လက်အောက်ခံ ခမရ -၅၅၇ နှင့် ခမရ -၅၅၈ တပ်ရင်းမှ စစ်သားများ အထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၅ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ် ၁ လက်၊ ၄၀(မမ)ဗုံးသီး ၁၀ လုံး၊ ၅.၅၆ ကျည် အတောင့်၂၀၀ တို့ဖြင့် လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီရဲ့ ရေသရောက်စခန်းနဲ့ဖိုးချီးမူးစခန်း ၂ ခုရှိတယ်။အဲ့မှာတော့ အင်အားများတယ်။အဲ့စခန်းတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးတော့ ဒီမနက်ပိုင်း(မတ်လ၂၀ရက်နံနက်)မှာရှိတယ်။ကျနော်တို့ ထိခိုက်မှုမရှိပါဘူး။ကျိုက်ဒုံဗျူဟာကိုလည်း KNLA ကသိမ်းထားတာဆိုတော့ ကျိုက်ဒုံ ကို တော်လှန်ရေးတပ်ဖွဲ့တွေက နေရာအစုံစိုးမိုးထားပါတယ်” ဟု ၎င်း က ဆက်လက်ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း KNLA နှင့် SOF ရဲဘော်များ အထိအခိုက်မရှိဘဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တစ်လျှောက်ကို နယ်မြေစိုးမိုးထားကြောင်း သိရသည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။