စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် မြန်မာလူငယ်များ အလွန်အမင်းစိုးရိမ်ရသည့် အခြေအနေသို့ ကျရောက်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလရင်ပြင်၌ပြောကြားလိုက်သည်။
မတ်လ ၁၈ရက်၊မွန်းလွဲ ၃နာရီခန့်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ၆၈ကြိမ်မြောက် Commission on The Status of Women (CSW)ဆိုင်ရာအထွေထွေ ဆွေးနွေးမှုအစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်မိန့်ခွန်းပြောစဉ် ယင်းသို့ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်၏ ဆိုးရွားသည့် တစ်ခုတည်းသော ရည်မှန်းချက်မှာ လူငယ်များကို လူသားဒိုင်းအဖြစ် အသုံးချရန်နှင့် ပေါ်တာဆွဲရန်သာဖြစ်ပြီး၊ စစ်တပ်၏ တရားမဝင် စစ်သားစုဆောင်းမှုကို တားမြစ်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက လိုအပ်သည့် စီမံဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများက တောင်းဆိုလျက်ရှိကြောင်းလည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
“ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ရပ်တည်ချက်က မသိချင်ယောင်ဆောင်တာတွေများလွန်းတော့ စစ် ကောင်စီနဲ့ အတွင်းကြိတ်ပေါင်းနေသလားလို့တောင် မေးခွန်းထုတ်ရမယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောသည်။
ယခု စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းခိုင်းနေမှုသည် နိုင်ငံနှင့်ချီ အကြီးကျယ်ဆုံး လူ့အခွင့်အရေးချိုး ဖောက်မှုဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက မသိချင်ယောင်ဆောင်နေဆဲဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောသည်။
မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို နေအိမ်များအတွင်းသို့ နေ့ရောညပါ ဝင်ဖမ်းခြင်း၊ လမ်းသွားလမ်းလာ လူငယ်များကို ဖမ်းဆီးခြင်းနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် လူငယ်များကို ဖမ်းဆီးခြင်းတို့ကြောင့် လူငယ်များအနေဖြင့် အသွားအလာဆင်ခြင်နေရပြီး မြို့ပေါ်မှ စွန့်ခွာထွက်ပြေးသွားသူများလည်း ရှိလာကြောင်း မုံရွာ-အမြင့် သပိတ်ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ လူငယ်တွေကတော့ နယ်ဘက်တွေရှောင်ကြတာတွေရှိတယ်။ တချို့ကျလည်း ကိုယ့်စားဝတ်နေရေးအရ မဖြစ်လို့ နေကြရတဲ့ သူတွေလည်းရှိတယ်။ အတတ်နိုင်ဆုံးကတော့ အသွားအလာဆင်ခြင်တာကောင်းပါတယ်။ မန္တလေးတို့ ဘာတို့ဆို လူငယ်၊ လူရွယ်ရှိတဲ့ အိမ်တွေဆို စာတွေဘာတွပို့ပြီးတော့ ခေါ်တာတွေရှိတယ်။ မုံရွာမှာတော့ အဲ့လိုမျိုးသိပ်မကြားမိသေးဘူး” ဟု ၎င်းကပြောသည်။
မတ်လ ၁၃ရက်နေ့ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ၌ ပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေးတစ်ခုတွင်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်၏ ဥပဒေမဲ့စစ်သားစုဆောင်းရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအား မည်သည့်ပြည်ပတိုင်းပြည်ကမျှ ကျူးကျော်နေခြင်း မရှိသလို မည်သည့် ပြည်ပအန္တရာယ် တစ်ခုခုကမျှ မြန်မာပြည်သူလူထု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်း မရှိကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကသာ မြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်း ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မတ်လဒုတိယပတ်မှစတင်ကာ စစ်မှုထမ်းရန်အတွက် လူစာရင်းကောက်ခြင်း၊ ဆင့်ခေါ်စာပေးပို့ခြင်း နှင့် မဲနှိုက်ခြင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း၌ စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။