မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး သတ်မှတ်ကာလအတွင်းအလင်းမဝင်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ်ပအဖ က သတင်းထုတ်ပြန်လိုက်သည်။
မတ်လ ၃၁ ရက်၊ နံနက် ၁၁ နာရီအချိန် နောက်ဆုံးထားကာ အလင်းဝင်ကြရန်နှင့် အလင်းဝင်ရောက်ခြင်းမရှိသော Non CDM များအနေနှင့် ရေစကြိုမြို့နယ်ရှိ နေထိုင်ရာ ရပ်ကွက်၊ကျေးရွာ အသီးသီးမှ ရေစကြိုမြို့နယ် ပြင်ပသို့ ထွက်ခွာသွားကြရန် ရေစကြိုပကဖ က မတ်လ၁၈ရက် ထုတ်ပြန်ချက်၌ သတိပေးထားသည်။
“အလင်းမဝင်တဲ့ Non CDM တွေကိုတော့ အရေးတော်ပုံမပြီးမချင်း နေထိုင်ခွင့်မပြုဘဲ နယ်နှင်ဒဏ်ပေးတာမျိုးပါ။ကျနော်တို့ စာထုတ်ပြီးတော့ လာရောက်ဆက်သွယ်လာသူအချို့ရှိပါတယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ ခေါင်းဆောင် ဦးလွင်မြင့်ဦး ကပြောသည်။
အလင်းလည်းမဝင်၊ရေစကြိုမြို့နယ်အတွင်းမှ ထွက်ခွာခြင်းလည်း မရှိသည့် Non CDMဝန်ထမ်းများကို စစ်ကောင်စီနှင့်ပတ်သက်ဆက်စပ်သူများအဖြစ် ညွှန်ကြားချက်အတိုင်း ဖမ်းဆီးစစ်ဆေးအရေးယူရန် မြို့နယ်ပကဖနှင့်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့သို့ ညွှန်ကြားထားကြောင်းသိရသည်။
“Non CDMတွေကို အရေးယူမှာမဟုတ်ဘူးဗျ။Non CDMအဖြစ်ကနေ အလင်းမဝင်ဘဲ ပြည်သူနဲ့ မပူးပေါင်းတဲ့သူတွေကို အရေးယူမှာဗျ” ဟု ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ဝေကြီး ကပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၁၂ နာရီထိ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊အလင်းဝင် Non CDM စီမံခန့်ခွဲမှုကော်မတီထံသို့ အလင်းဝင်ရောက်လာသော Non CDMဝန်ထမ်း ၅၈၉ ဦးရှိကြောင်းသိရသည်။
“ဒီအရေးယူမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဖွဲ့ထားတာရှိပါတယ်။ကျနော်တို့ကတော့ ညွှန်ကြားတဲ့အတိုင်းလုပ်ဆောင်မှာပါ။ဒီကော်မတီထဲမှာလည်း ကျနော်တို့ ပလဖ ကရဲဘော်တစ်ယောက်ဖြစ်တဲ့ ရဲ CDM တစ်ဦးကို တာဝန်ပေးထားပါတယ်” ဟု ရေစကြိုမြို့နယ် ပလဖ၊ ဒုတာဝန်ခံ ရဲဘော်ရာဟု ကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ Non CDM နိုင်ငံ့ဝန်ထမ်းများကို အရေးယူခြင်းဆိုင်ရာ ညွှန်ကြားချက်များ အတိုင်း စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း ရေစကြိုပအဖ ကထုတ်ပြန်ထားသည်။