စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲခဲ့သော ဆည်မြောင်းရုံးနှင့်သစ်တောရုံးတို့ မတ်လ ၁၇ ရက်၊ ည၈နာရီအချိန်တွင် မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်တွင်တည်ရှိသည့် ဆည်မြောင်းရုံးနှင့် သစ်တောရုံးတို့သည် ယခင်ကစစ်ကောင်စီတပ်စွဲမှုရှိခဲ့သည့်နေရာဖြစ်ပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်စွဲခြင်းမရှိတော့သလို ယခုမီးလောင်ရသည့်အကြောင်းအရင်းကိုလည်း မသိရှိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ မီးလောင်ရတဲ့အကြောင်းအရင်းတော့မသိဘူး။ အရင်က အဲ့ဒီမှာ စစ်သားတွေနေတယ်။ နောက်ပိုင်းမနေတာအတော်ကြာပြီ။ အဲ့ဒီရုံးတွေက သစ်ပင်ကြီးတွေလည်းပေါတယ်။ လူလည်းမနေတော့ သစ်ရွက်အကြွေတွေကိုလည်း ဘယ်သူမှမရှင်းဘူး။ ရာသီဥတုကလည်း ပူတော့ဆေးလိပ်မီးပွားလေးကနေလည်း အလွယ်တကူမီးလောင်နိုင်တာပဲ” ဟု ၎င်းကသုံးသပ်သည်။
မီးလောင်မှုဖြစ်စဥ်အတွင်း မီးသတ်ဦးစီးဌာနသို့ ပြည်သူများက ဖုန်းဆက်အကြောင်းကြားသော်လည်း အထက်ကခွင့်ပြုမိန့်ရမှသာလျှင် လာရောက်မီးငြှိမ်းသတ်နိုင်မည်ဟု အကြောင်းပြန်ခဲ့ပြီး လာရောက်မီးငြှိမ်းသတ်ခြင်းမရှိကြောင်းသိရသည်။
“ ပြည်သူတွေပဲ မီးငြှိမ်းရတာ။ နေအိမ်တွေကိုမကူးအောင်လို့။ သူတို့(မီးသတ်ဌာန)က မလာဘူး။ အထက်အမိန့်မရလို့ဆိုလား။ ပြည်သူနေအိမ်တွေတော့ မကူးဘူး။ အဲ့ဒီရုံးတွေပဲ လောင်သွားတာ” ဟု တောင်ဇလပ်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကစတင်၍ ကလေးမြို့ပတ်ဝန်းကျင်၌ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ PDF များအပေါ် ပြည်သူများအထင်လွဲစေရန် စစ်ကောင်စီက ကလေးမြို့ပေါ် စျေးနှင့်နေအိမ်များအပါအဝင် (၅)နေရာကို မီးရှို့ဖျက်ဆီးမည့်သတင်းများ ပြီးခဲ့သည့်တပတ်ကျော်ကတည်းက ပျံ့နှံ့လျက်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ မတ်လ ၉ ရက်၊ ၁၀ ရက်လောက်ကတည်းက သတင်းပျံ့နေတာရှိတယ်။ စစ်တပ်က စျေးတွေ၊ ပြည်သူပိုင်အဆောက်အဦးတွေကို မီးရှို့ပြီး PDF တွေမီးရှို့တဲ့ပုံစံလုပ်မယ်ပေါ့။ အဲ့ဒီလိုပျံ့နှံ့တာတွေရှိတယ်” ဟု ၎င်းကဆိုသည်။
ကလေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြန်လည်ပြင်းထန်လျက်ရှိရာ စစ်ကောင်စီက ညပိုင်းနှင့် နံနက်ပိုင်းများတွင် ပတ်ပတ်လည်ကျေးရွာများသို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ကလေးတောင်ပိုင်း၊ သာယာဝတီရွာကိုလည်း ကလေးနည်းပညာတက္ကသိုလ်ရှိ စစ်ကောင်စီတပ်သားများက ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ရကြောင်း စုံစမ်းသိရှိရသည်။