ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အပိုင်၊ ရိုးမအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် စစ်ရှောင်စခန်းများဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရသဖြင့် ၅ ဦး သေဆုံးသွားကြောင်း တော်လှန်ရေးရဲဘော်များထံက စုံစမ်းသိရှိရသည်။
အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက ရိုးမအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ငှက်ပျောတုံးကျေးရွာအနီးရှိ ကျွန်းတောတွင်စခန်းချကာ လက်နက်ကြီးများဖြင့် စစ်ရှောင်စခန်းများရှိရာဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုကိုအောင်က ပြောသည်။
“လက်နက်ကြီး ၁၅ ချက်လောက် စစ်ရှောင်စခန်းတွေဘက်ကိုတည်ပစ်နေတာ။ စစ်ရှောင်းစခန်းမှာက ကလေးတွေရော၊ အဖိုးအဖွားတွေပါရှိတော့ အစ်ကိုတို့သွားခေါ်ပြီး လုံခြုံတဲ့နေရာပို့ထားရတယ်။ ဒဏ်ရာရတဲ့သူတွေတော့မရှိပါဘူး။ မြန်မြန်ကယ်ထုတ်နိုင်လို့ပေါ့၊ နမို့ဆိုပြောမရဘူး”ဟု၎င်းက ရှင်းပြသည်။
စစ်ရှောင်ပြည်သူများအား လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးပြီးနောက် ရွှေတန်းမြေအဖွဲ့နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့ရှိ ရဲဘော်များပူးပေါင်းကာ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာသို့ သွားရောက်၍ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တာဝန်ခံကိုကိုအောင်က ဆက်လက်ပြောသည်။
“မနက် ၉ နာရီလောက်က စဖြစ်တာ ၁၁ ခွဲလောက်အထိ။ အစ်ကို့တို့ကတော့ မောင်းပြန်တွေနဲ့ပဲပစ်ရတာ၊ ၄၀ မမက ခုခံရုံလောက်ပဲ ပြန်ပစ်နိုင်တယ်။ သူတို့(စစ်တပ်)ဘက်က ၈၀ မမတွေရော ၁၂၀ မမအတွေရော ပစ်တာ။ အစ်ကိုတို့ဘက်က လက်နက်ကြီး အလုံလောက်မရှိတော့ ကိုက် ၁၀၀ လောက်ထိ ခြုံခိုကပ်ပြီး သွားပစ်ရတာ။ ပစ်လိုက်နောက်ကြောင်းပြန်ဆုတ်လိုက်ပေါ့။ အဲဒီမှာ ၅ ယောက်ထက်မနည်းဘဲသေတာ။ ပြီးတော့ဒဏ်ရာရတဲ့သူတွေရော၊ အလောင်းတွေရောပြန်သယ်ပြီး ဆုတ်သွားတယ်၊ ကင်းပုန်းတွေတော့ ချန်ထားခဲ့တယ်”ဟု ၎င်းကဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များထံတွင် လက်နက်အပြည့်အစုံရှိပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခုထက်ပိုမိုကျဆုံးနိုင်ပြီး ယခုထက်ပိုမိုကောင်းမွန်သည့် စစ်ဆင်ရေးများဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့၏ စစ်ရေးတာဝန်ခံ ကိုဥက္ကာက ပြောသည်။
“လက်နက်တွေ လိုအပ်နေတယ်၊ ပြည်သူတွေ ပံ့ပို့ပေးမှ လက်နက်တွေကဝယ်ယူနိုင်မှာ၊ အခုက လက်နက်ငယ်တွေနဲ့ပဲ ပစ်နေရတယ်၊ ပြည်သူတွေကူကြပါ၊ လှူကြပါ၊ ဒါမှ ကျွန်တော်တို့ရဲဘော်တွေ ဒီထက်မကတဲ့ စစ်ဆင်ရေးတွေဖော်ဆောင်နိုင်မှာ” ဟု ၎င်းကတိုက်တွန်းပြောဆိုထားသည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်ကလည်း ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် ကျွန်းတောအနီးတွင် သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး စစ်တပ်ဘက်က ၆ ဦး ထက်မနည်း သေးဆုံးခဲ့သည်။