လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသော တရုတ်အစိုးရပိုင် ဝမ်ပေါင် ဏုမ္ပဏီကို လက်ပံတောင်းပတ်ဝန်းကျင်ရှိ တောင် ၃၃ လုံးပါဝင်သည့် မြေဧက တသန်းတွင် ကြေးနီထပ်မံ စမ်းသပ်ခွင့်ကို အကြမ်းဖက် စစ်ကောင်စီက လုပ်ပိုင်ခွင့် ပြုလိုက်ကြောင်း အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် အရာရှိတချို့ထံမှ သိရသည်။
ကြေးနီ ထုတ်လုပ်ရန် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိမရှိ စမ်းသပ်ခွင့်ကိုသာ ခွင့်ပြုသေးခြင်း ဖြစ်ကြောင်း၊ ဒေသခံများ၏ တောင်ယာမြေများကို သိမ်းယူခြင်းကိစ္စ မပါဝင်သေးကြောင်း သိရသည်။
“ ဝမ်ပေါင်ကို အထက်ပိုင်းက မြေစမ်းဖို့ ခွင့်ပြုလိုက်တာတော့ သိတယ်။ ပြုထားတာ ၂ လလောက်ရှိပြီ။ ဝမ်ပေါင်ကလည်း ဒီနေ့အထိ မြေစမ်းတာတော့ မလုပ်သေးဘူး။ တိုင်းပြည်အခြေအနေကို စောင့်ကြည့်နေတုန်း” ဟု ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာဝန်ထမ်းတဦးက ပြောသည်။
ဝမ်ပေါင် ကုမ္ပဏီ၏ လက်ပံတောင်း ကြေးနီ စီမံကိန်းသည် နဝတ အစိုးရ လက်ထက်ကတည်းက စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် အကျိုးတူ ဆောင်ရွက်ခဲ့သော ကြေးနီ စီမံကိန်းဖြစ်ပြီး အဆိုပါကာလတွင် နိုင်ငံတော်အနေဖြင့် ၂ ရာခိုင်နှုန်းသာ အကျိုးခံစားခွင့် ရခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပွင့်လင်းမြင်သာမှု အညွှန်းကိန်း MEITI ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
အရပ်သားအစိုးရအဖြစ် စစ်တပ်မှ အသွင်ပြောင်းလာသော သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် လူပေါင်းများစွာ သေဆုံးခြင်း၊ အဖမ်းခံရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာများ အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရသည်။
၎င်းနောက် ၂၀၁၂ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အတွင်း ဝင်လာပြီးနောက်ပိုင်း ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ နိုင်ငံတော်အတွက် ၄၉ ရာခိုင်နှုန်း အကျိုးအမြတ်ရရန် စာချုပ်များ ပြန်လည်ပြင်ဆင်သော်လည်း အဆိုပါ အစီရင်ခံစာအတိုင်း ဒေသခံများအပေါ် ပတ်ဝန်းကျင် ပျက်စီးမှုများအတွက် ကုစားရေး အစီစဉ်များကို ယနေ့အချိန်အထိ အကောင်အထည် မဖော်သေးပေ။
“ ကျနော်တို့အနေနဲ့ ၂၀၁၉ ခုနှစ်ထဲက စစ်ကိုင်းတိုင်း အစိုးရကို သူတို့တင်ပြထဲက လူကိုယ်တိုင် တွေ့ပြီး ကန့်ကွက်ခဲ့တာ။ တိုင်းဝန်ကြီးချုပ်ကလည်း ခွင့်မပြုခဲ့ပါဘူး။ သာသနာ့နယ်မြေတွေ တန်ခိုးကြီး သမိုင်းဝင် နယ်မြေတွေ အဲ့နားမှာ အများကြီး။ သူတို့ မြေစမ်းလို့ မိုင်းခွဲရင် သာသနာ့နယ်မြေတွေပါ ထိခိုက်မှာ။ အခုမှ စစ်ကောင်စီက ခွင့်ပြုလိုက်တယ်လို့ ကျနော်တို့ သိရတယ်” ဟု မုံရွာမြို့ရှိ ရပ်မိရပ်ဖတဦးက ပြောသည်။
၎င်းကိစ္စနှင့် ပက်သက်ပြီး သစ်တောနှင့် သယံဇာတ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တဦးကလည်း စစ်ကောင်စီအနေဖြင့် ဘတ်ဂျက်လိုငွေ ပြနေသည်ကို ဖြေရှင်းရန် သဘာဝ သယံဇာတများကို ထုတ်သုံးနေကြောင်း အတည်ပြုသည်။
သစ်တောကဏ္ဍတွင်လည်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် သစ်အလွန်အကျွံ ခုတ်ယူနေကြောင်း၊ ပဲခူးရိုးမတွင်လည်း ပုံစံ ၆ ဖြင့် ခိုးသစ်များ လေလံတင်နေမှုတွင် တရားမဝင်သောနည်းဖြင့် အခြားသစ်များ ထုတ်ယူနေလျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“ လုပ်နေတာကတော့ နည်းမျိုးစုံပါပဲ။ လာမယ့် ဘဏ္ဍာနှစ် တနှစ်မှာ မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်တာ တနှစ်ရပ်မယ် ကြေညာထားပေမယ့် မရပ်ခင် အပြောင်ကို ရှင်းနေတာ။ တရုတ်ကို ပို့နေတာ။ ကျနော်တို့ကတော့ ဘာမှမတတ်နိုင်လို့ ထိုင်ကြည့်နေရတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ သစ်များ အလွန်အကျွံ ခုတ်ယူနေကြောင်းကို ရန်ကုန်ရှိ မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေ မန်နေဂျာ တဦးကတော့ MPA သို့ ငြင်းဆိုသည်။
( Photo – MPA မုံရွာရှိ စံပယ်တောင်တွင် တရုတ် ဝမ်ပေါင် ကုမ္ပဏီမှကြေးနီထုတ်လုပ်နေသည့် လုပ်ကွက်တခု)