ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ၊ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရအရေးပါပြီး နောက်ဆုံးကျန်ရှိသည့် ဘွမ်ရေဘွမ်တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ယနေ့ (မတ် ၁၅ ရက်)၊ မွန်းလွဲ ၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ နေ့လယ်ကပဲ သိမ်းလိုက်နိုင်တာ၊ ခရာဘွမ်နဲ့ ရှေ့တန်းစခန်းအသေးက လူတွေရော စုနေကြတာ၊ တပ်မ ၈၈ က ဗိုလ်မှူးချုပ်ထိုင်တာ၊ သူရော အကုန်ထွက်ပြေးသွားပြီ၊ လေယာဥ်နဲ့လည်း လာပစ်တာပေါ့၊ အခုကတော့ ရှင်းလင်းရေး ဝင်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
KIAက သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်၏ ဘွမ်ရေဘွမ်တပ်စခန်းကို ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ စစ်ကောင်စီတပ်မှလည်း လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ခရာဘွမ်နှင့် ဘွမ်ရေဘွမ်တပ်စခန်းများမှာ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်၏ အမာခံရှေ့တန်းစခန်းကုန်းကြီးများ ဖြစ်ပြီး၊ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် တပ်စခန်းများ ဖြစ်သည်။
“ လိုင်ဇာကို လက်နက်ကြီးနဲ့ ထုနေတာ ခရာဘွမ်၊ ဘွမ်ရေဘွမ်စခန်းတွေကပဲ၊ လက်နက်ကြီးသံ သိပ်မကြားရတော့ပေမယ့် လေယာဥ်ကတော့ လာတယ်” ဟု လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။
“ မနေ့ညကလည်း Y – 12 ဘယ်နှစ်စီးမှန်း မသိဘူး။ Wai Hin Channal ကနေ တက်တဲ့သတင်းကိုတောင် မကြည့်နိုင်ဘူး။ ဗုံးလည်းကြဲတယ်၊ အခုနေ့လယ်ကိုလည်း ကြဲသွားတယ်” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော် – လိုင်ဇာလမ်းပိုင်း၊ ဝိုင်းမော်၊ မိုးမောက်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တပ်စခန်း ၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။