ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ် ၁၄ရက်တွင် ကချင်ပြည်နယ်၊ KIA/KIOဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို တက္ကသိုလ်၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ မှ အရာရှိကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား/သူများ၊ မိဘများ တက်ရောက်ခဲ့သည်။
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်တွင် ကြားကာလ ယာယီဆေးတက္ကသိုလ်ကောင်စီများမှ ကျင်းပပြုလုပ်သည့် စာမေးပွဲအောင်မြင်သူ ဆေးပညာဘွဲ့(၃)ဦး ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျင်းပပြုလုပ်သည့် စာမေးပွဲအောင်မြင်သူ မဟာသိပ္ပံဘွဲ့ (၂)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၁)ဦး၊ ဂုဏ်ထူးတန်း (၃)ဦး၊ မဟာအရည်အချင်းစစ် ဘွဲ့လွန်တန်း (၆)ဦး၊ သိပ္ပံဘွဲ့ (၁၀)ဦး ၊ ဝိဇ္ဇာဘွဲ့ (၁၀၄)ဦး၊ စုစုပေါင်း (၁၃၉)ဦးအား ဘွဲ့ဒဂရီအသီးသီး ချီးမြှင့်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဘွဲ့နှင်းဘသင်အခမ်းအနားတွင် တက္ကသိုလ်အဓိပတိ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “ဘွဲ့ယူမောင်မယ်တို့ဟာ ၂၁ ရာစု ပညာခေတ်ရဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး မိမိတို့ ဇာတိမြေကို ခေတ်နဲ့အညီ ဖွံဖြိုး တိုးတက်အောင် စွမ်းဆောင်ရန်သာမက ၂၀၂၁ ခုနှစ်က စတင်ခဲ့ပြီး ယနေ့တိုင် ဆင်နွှဲနေဆဲဖြစ်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အရေးတော်ပုံကြီး အောင်ပန်း ဆွတ်ခူးနိုင်အောင် မိမိတို့ တက်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာတို့ကို အစွမ်းကုန် အသုံးချခြင်းအားဖြင့် အမိတက္ကသိုလ်၊ ဒေသ အတွက် ဂုဏ်ရောင်ထွန်းပြောင်တဲ့ ကျောင်းတော်ထွက် နိုင်ငံသားကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ်ကြဖို့ အလေးအနက်တိုက်တွန်းပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်း အလွန်အကျွံအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဘွဲ့နှင်းသဘင်အခမ်းအနားအား အောင်မြင်စွာပြုလုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။