ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းထဲသို့ ၁၀၇(မမ)ရှော့တိုက်ဒုံး ၃လုံး ကျရောက်ပေါက်ကွဲခဲ့ရာ လေယာဉ်ကို ထိမှန်ခဲ့ကြောင်းသိရသည်။
တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) က မတ်လ ၁၄ရက်၊ ည ၈နာရီ ၄၄မိနစ် ခန့်တွင် ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့ရာ ၃လုံးမှာ လေတပ်စခန်းတွင်း အောင်မြင်စွာ ထိမှန် ပေါက်ကွဲခဲ့ပြီး ကျန်၂လုံးမှာ ပစ္စည်းချို့ယွင်းမှုဖြစ်ခဲ့ကြောင်း Brave Warriors For Myanmar က သတင်းထုတ်ပြန်သည်။
“ ကျရောက်တဲ့ ၃လုံးထဲက ၁ လုံးက လေယဥ်ကိုထိတယ်လို့သိရတယ်။ နောက် ၁ လုံးက လက်နက်တပ်ဆင်ရုံနားကျရောက်သွားတယ်လို့သိရတယ်။ နောက်တစ်လုံးက ဆီသိုလှောင်ရုံနဲ့ မလှမ်းမကမ်းကိုကျရောက်တယ်လို့သိရပါတယ်” ဟု Brave Warriors For Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တောင်ငူလေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို MPA အနေနှင့် သီးခြား အတည်မပြုနိုင်သေးပေ။
“ လက်ရှိတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲတော့ဘာမှမသိရသေးပါဘူး။ အရင်မစ်ရှင်တွေတုန်းကတော့ အဲလိုပစ်ပြီးရင် ဖြစ်နိုင်ခြေရှိတဲ့အနီးနားဝန်းကျင်တွေကို ပိုက်စိပ်တိုက်ရှာဖွေတာတွေ၊ အနီးနားဝန်းကျင်က လူနေရပ်ကွက်တွေ၊ ကျေးရွာတွေကို ဝင်ရမ်းတာတွေတော့ရှိပါတယ်” ဟု Brave Warriors For Myanmar မှ တိုက်ပွဲဝင် ရဲဘော်တစ်ဦးကပြောသည်။
တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်ကြောင်း Brave Warriors For Myanmar ကထုတ်ပြန်ထားသည်။