စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ လက်ပံချောင်းကျေးရွာကို စစ်ကောင်စီက မတ်လ ၁၄ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၂ ဦးသေဆုံးကာ ကလေးငယ်များအပါအဝင်ရွာခံ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကလေးမြို့မြောက်ပိုင်း၊ စခန်းကြီးရွာအနီးရှိ တိုင်းဗဟို (၁၀) စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီး ၂ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လက်ပံချောင်းရွာ A ရပ်ကွက်နှင့် B ရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများထိခိုက်သွားခြင်း ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ ၂ ယောက်ကပွဲချင်းပြီးဆုံးသွားတယ်။ သူတို့က အသင်းလူကြီးအိမ်အလည်သွားတဲ့အချိန်မှာ အိမ်ရှေ့ကိုလက်နက်ကြီးကျပြီး ၂ ယောက်စလုံးဦးခေါင်းနောက်စိကိုထိပြီးဆုံးသွားတာ။ ၉ နှစ်အရွယ်ကလေးနဲ့ ၁၆ နှစ်အရွယ်ကလေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်။ အားလုံး(၆)ယောက်ဒဏ်ရာရတယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသူများမှာ အသက် ၃၈ နှစ်အရွယ် ကိုလားရန်ဒီးကာနှင့် အသက် ၆၂ နှစ်အရွယ် ဒေါ်မန်းငိုက်ဇွားရီးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများအနက် အသက် ၁၆ နှစ်အရွယ် မငိုက်ဇွားလီမှာ ဘယ်ဘက်ဝမ်းဗိုက် လက်နက်ကြီးစထိမှန်ခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်းသိရသည်။
လက်ပံချောင်းရွာသည် ကလေးမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး ချင်းလူမျိုးများအများဆုံးနေထိုင်ကာ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်နေမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားသည့် နေရာလည်းဖြစ်သည်။
“ မနေ့က နန်းစောင်းပုရွာသစ်ကို ဒီကောင်(စကစ)တွေ မီးရှို့ဖျက်ဆီးတယ်။ ဘယ်နှစ်အိမ်ပါသွားပြီလဲတော့ မသိဘူး။ အဲ့ဒီနေရာတွေက သူတို့နေရာယူထားတာ။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ စစ်ရေးကတော့တင်းမာနေတဲ့အနေအထားပဲ” ဟု ကလေးမြောက်ပိုင်း ကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။
ကလေးမြို့အနီးပတ်ဝန်းကျင်တွင် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး ကလေးမြို့မြောက်ပိုင်းရှိ စစ်ကောင်စီအထိုင်ချ ကံကြီးရွာနှင့် ကံသာယာရွာစခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။
ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ကံသာယာရွာစခန်းပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက မတ်လ ၁၀ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအလောင်း ၃ လောင်းနှင့် သေနတ်၂၄ လက်အပါအဝင် ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။