ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု၊ အုတ်ဖိုကျေးရွာအနီး၊ စစ်တောင်းမြစ်ကမ်းဘေး၊ ငှက်ပျောတပင်သောင်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းကြောင့် ကလေးငယ်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(မတ် ၁၃ရက်)၊ မွန်းလွဲ ၃နာရီ ၂၈မိနစ်ခန့်တွင် ငှက်ပျောတပင်သောင်အရှေ့ဘက်ခြမ်းသို့ စက်လှေဖြင့် အမျိုးသားတစ်ဦးနှင့် ကလေးငယ်နှစ်ဦး(ယောင်္ကျားလေး)တို့ရောက်ရှိလာပြီး ကလေးနှစ်ဦးသည် ကမ်းစပ်အနီးဆော့ကစားစဉ် မိုင်းအားနင်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
“ အုတ်ဖို ၁ ကျေးရွာက ဦးသောင်းဟန်၊ ဒေါ်ကေသီတို့ရဲ့ သား (အသက် ၅ နှစ်)ရယ်၊ ဧည့်သည်ကလေးတစ်ယောက်(အသက် ၇နှစ်)ရယ်၊ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင် တစ်ယောက်က မျက်လုံးထိခိုက်သွားတယ်။ တစ်ယောက်က ဗိုက်ပွင့်ပြီးအူထွက်သွားတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲခဲ့သည့်နေရာအနီးတွင် အုတ်ဖိုကျေးရွာ၌ တပ်စွဲထားသည့် စစ်သားနှင့် ပျူစောထီးများရှိသော် လည်း အကူညီပေးခြင်းမရှိကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။
“ ဖြစ်ဖြစ်ချင်းကို သူတို့မိသားစုတွေက လှေနဲ့ပြန်ခေါ်ပြီး ဆေးရုံချက်ချင်းပို့ပေးတာ၊ ဖြစ်တဲ့နေရာနဲ့လက်ရှိသူတို့(စကစ)ဘန်ကာနဲ့ဆိုရင် သိပ်မဝေးဘူး၊ အဲ့ဒါတောင်လာမကူဘူး” ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်က ကျွန်းရွှေဝါသောင် အုပ်စု၊ ငှက်ပျောတပင်သောင်သို့ ဘောနတ်ကြီးအခြေစိုက် မစခ ၉၀၁ လက်အောက်ခံ၊ အမတ ၂၀၅မှ စစ်ကြောင်းထိုးပြီးနောက် ထောင်ထားခဲ့သည့် မိုင်းဖြစ်ကြောင်း ငှက်ပျောတပင်သောင်အနီးရှိ ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငငယ်နှစ်ဦးကို ပဲခူးဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းလည်း သိရသည်။