စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၁၃ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။
ကန့်ဒေါင့်အထိုင်ချ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီအင်အား ၅ ဦးခန့်သည် ကန့်ဒေါင့်ရွာအနောက်ဘက်၊ ဆည်ဘောင်အနီးသို့ ကားတစ်စီးဖြင့် ကင်းပတ်ထွက်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉(Pale Jokers PDF)၏ တပ်ရင်းမှူးဗိုလ်ပုလဲက MPA ကိုပြောသည်။
“ အရင်နေ့တွေက ပြည်သူတွေရွာထဲပြန်ဝင်ချင်တယ်ဆိုပြီး လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဖြစ်နေတာ။ အဲ့ဒီလိုဆိုရင် ဒီဘက်(PDF)ကနေ မိုင်းတွေဖြုတ်ရဦးမယ်ဆိုတော့ အဲ့ဒါကိုကြားပြီး ဒီကောင်တွေ(စကစ)က နယ်ချဲ့ကြည့်တဲ့သဘောမှာရှိတယ်။ မိုင်းပွိုင့်နားရောက်တော့ စစ်ကြောင်းမှူးကကားနဲ့ တခြားကောင်တွေက လမ်းဆင်းလျှောက်နေတာ။ အဲ့ဒါကိုမိုင်းဆွဲတိုက်တဲ့အချိန်မှာ လမ်းဆင်းလျှောက်တဲ့ကောင်တွေထိသွားတာ” ဟု ၎င်းကရှင်းပြသည်။
မိုင်းဆွဲတိုက်ခိုက်မှု မပြုလုပ်မီ ရွာခံပြည်သူအချို့ ကန့်ဒေါင့်ရွာအတွင်းသို့ ဝင်ရောက်မှုရှိခဲ့ပြီး ပြည်သူ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးမှုပြုလုပ်ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်။
“ အဖမ်းခံရပြီးပြန်လွတ်လာတဲ့လူတွေ ပြောပြတာကြောင့် သေဆုံးတာကအတည်ပြုနိုင်တာ။ တစ်ယောက်သေတယ်။ ခေါင်းထိပြီးသေသွားတာလို့ပြောတယ်။ ထိသွားတဲ့ ၂ ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ သူတို့(ဖမ်းခံရသူများ)ရှေ့တင်ဖြစ်သွားတဲ့သဘောပေါ့။ စစ်ကြောင်းမှူးကလည်း အိုင်ကွန် (စကားပြောစက်)တွေ ပစ်ပေါက်ပြီး ဆဲဆိုနေတာလို့ပြောတယ်” ဟု ဗိုလ်ပုလဲကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉(Pale Jokers PDF)နှင့် ပုံတောင်ဂဠုန်(LPDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကန့်ဒေါင့်ရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းခဲ့ကြရပြီး အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီကလည်း ပြည်သူများကို ကျေးရွာအတွင်းနေထိုင်ခွင့်မပြုတော့ကြောင်း သိရသည်။
“ မနေ့ကတော့ တချို့တွေ ကန့်ဒေါင့်ပြန်ဝင်တယ်ကြားတယ်။ တချို့လည်းမဝင်ကြဘူး။ မနေ့က ရွာအနောက်ပိုင်းမှာမိုင်းပေါက်တယ်လေ။ ကြားတာကတော့ PDF တွေမိုင်းဖြုတ်နေတုန်း အဲ့ကောင်(စကစ)တွေ ရောက်သွားတော့ ဒီအတိုင်းထားပြေးခဲ့ရတယ်ပြောတာပဲ။ အဲ့ဒါကို ဆင်းကြည့်တဲ့အချိန်မှာ မိုင်းကပေါက်သွားတာလို့ကြားတာ” ဟု အောင်ချမ်းသာရွာဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကောင်စီက ကန့်ဒေါင့်ရွာအနီး ပတ်ပတ်လည်ကျေးရွာများသို့ စစ်ကြောင်းထိုး၍ ပြည်သူပိုင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ခိုးယူသယ်ဆောင်မှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။