ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အောင်သပြေနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AA က မတ်လ ၁၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
မောင်တောမြို့မြောက်ပိုင်းရှိ လက်နက်ချအညံ့မခံသေးသည့် လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“မနေ့က အောင်သပြေနယ်ခြားစောင့်စခန်းကို သိမ်းတယ်လို့သိရပါတယ်။ အဲ့ဒီစခန်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစပ်မှာရှိတာ။ နိုဝင်ဘာလလောက်တုန်းက AA က သိမ်းခဲ့တဲ့ ဒုံးညိုနယ်ခြားစောင့် စခန်းနားမှာပါပဲ။ အောင်သပြေနဲ့ ဒုံးညိုက ရွာချင်းကပ်လျက်လို့ပြောလို့ရတယ်။ အောင်သပြေစခန်းကို သိမ်းတဲ့အချိန်မှာ စစ်သားတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတယ်လို့ သိရတယ်။ ကျန်တဲ့ စစ်ရေးအခြေအနေတော့ မပြောနိုင်သေးဘူး။ အဲ့ဒီဘက်ကို ဆက်သွယ်လို့ မရသေးလို့ပါ”ဟု ရခိုင်ဒေသခံတစ်ဦးကပြောသည်။
အောင်သပြေနယ်ခြားစောင့်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၉ ဦးမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့က ခံစစ်အနေနဲ့ပဲ ခုခံနေရတယ်။ ULA/AA ဘက်က သွားတိုက်တဲ့အခါမှာလည်း သူတို့ဘက်က စစ်ကူလည်းမပေးနိုင်၊ တိုက်လို့လည်းမနိုင်တဲ့အခါမှာ ထွက်ပြေးကြတာပေါ့။ မပြေးရင်လည်း သေကြေပျက်စီးကြရမှာဆိုတော့ ပြေးကြရတာပေါ့။ ULA/AA ကလည်း အပြင်းအထန်တွေ ထိုးစစ်ဆင်တဲ့အခါမှာ တစ်ခြားစခန်းတွေလိုပဲ လက်လွှတ်လိုက်ရတာပေါ့”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းရှိ ဒုံးညိုနယ်ခြားစောင့်ရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်းကောင်း၊ တောင်ပြိုလက်ဝဲနှင့် တောင်ပြိုလက်ရာ ဗျူဟာကုန်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်းကောင်း ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။