ကေအဲန်ယူ၊ တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီဖလူးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၅ မိနစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူစစ် ၂ ဦးပါ အရှင်ဖမ်းမိခဲ့ကြောင်း Cobra Column 2 Venom စစ်ကြောင်းထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် ဖလူးစခန်းကို မတ်လ ၁၁ ရက်၊ ညနေပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“ စခန်းတက်သိမ်းတဲ့အချိန်မှာ သူတို့ထွက်ပြေးသွားကြပါတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုရှိပေမယ့် ထုတ်ပြန်လို့မရသေးပါဘူး” ဟု Cobra Column 2 Venom စစ်ကြောင်း၏ သတင်းပြန်ကြားတာဝန်ရှိသူက ပြောသည်။
ဖလူးစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဖလူးကြီးစခန်းဝန်းကျင်ကို လာရောက်ဗုံးကြဲခြင်းများပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ဖမ်းဆီးရရှိခဲ့သည့် ပြည်သူ့စစ် ၂ ဦးကို သက်ဆိုင်ရာဌာနသို့ အပ်နှံထားပြီး မြဝတီမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိနေကြောင်း ၎င်းကဆက်လက်ပြောသည်။
“ မြဝတီမှာ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက စကစဘက်က လေကြောင်းသုံးပြီးအဆက်မပြတ်တိုက်ခိုက်နေတာ သူတို့ဗျူဟာကုန်း ပေးလိုက်ရမှာကြောက်လို့နဲ့တူတယ်။ မနေ့၊ ည ၁၁ နာရီလောက်ကလဲ မြဝတီ၊ အတွင်းမဲကနယ်ဘက်ကို ဗုံးနှစ်ခါကြဲသွားတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်။
မြေပြင်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်၊ နံနက်ပိုင်းမှစတင်၍ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မြဝတီ၊ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ တပ်ရင်းနှင့် ဗျူဟာကုန်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခမရ – ၃၅၅ တပ်ရင်းနှင့် သင်္ကန်းညီနောင်ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့သည်။