ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် မိသားစုကိုပါခေါ်ဆောင်၍ CDF(ဟားခါး)ထံသို့ မတ်လ ၁၀ ရက်တွင် လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း သိရသည်။
ဟားခါးမြို့၊ ဝန်ကြီးအိမ်ရာတွင်တာဝန်ကျနေသည့် ရဲတပ်သားသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ကြောင်း CDF (ဟားခါး)ထံ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ခြင်းကြောင့် ၎င်းတို့မိသားစုကို သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့ကြောင်း CDF (ဟားခါး)၊ ဗဟိုကောင်စီ၏ပြောရေးဆိုခွင့်ရှိသူက MPA ကိုပြောသည်။
“ အရင်တုန်းက သူတို့(စကစလက်အောက်ခံများ)အလင်းဝင်လာကြဖို့ ကျွန်တော်တို့ထုတ်ပြန်ထားတာရှိတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ ကျွန်တော်တို့ဖုန်းနံပါတ်တွေပါတယ်ပေါ့နော်။ အဲ့ဒီကနေ ဆက်သွယ်လာတာဗျ။ အဲ့ဒါနဲ့ သူတို့ကိုကျွန်တော်တို့ သွားကြိုခဲ့တယ်။ သူနဲ့အတူ သူ့မိန်းမရယ်၊ ကလေး ၃ ယောက်ရယ်ပါတယ်” ဟု ၎င်းကရှင်းပြသည်။
အလင်းဝင်လာသည့် ရဲတပ်သား၏ နာမည်နှင့်ကိုယ်ပိုင်အမှတ်တို့ကို လုံခြုံရေးအရ MPA အနေဖြင့်သိရှိခွင့်မရခဲ့ဘဲ ၎င်းနှင့်အတူ G3 သေနတ်(၁)လက်၊ ကျည်ဘောက် (၄)ခုနှင့် ကျည်ဆံအချို့ပါလာသဖြင့် ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)ချီးမြှင့်ခဲ့ကြောင်းသိရသည်။
CDF(ဟားခါး)အနေဖြင့် ဟားခါးမြို့ပေါ်မှလွဲ၍ တစ်မြို့နယ်လုံးကို နယ်မြေစိုးမိုးထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်ထားနိုင်သည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
“ အစစ်အဆေးကတော့ အရင်ကတည်းက မြို့ပေါ်မှာအစစ်အဆေးတွေရှိတယ်။ ဒါပေမယ့် သူတို့(စကစ)မသွားရဲတဲ့ နေရာတွေလည်းရှိတယ် မြို့ပေါ်မှာက။ အခုရဲတွေအဖမ်းခံရတာတွေ၊ အလင်းဝင်တာတွေရှိတဲ့အခါကျတော့ သူတို့ထိန်းထားတဲ့နေရာတွေမှာတော့ လုံခြုံရေးတိုးထားတာတွေရှိတယ်” ဟု ဟားခါးမြို့တွင်နေထိုင်သူတစ်ဦးက MPA ကိုပြောသည်။
ဟားခါးမြို့ပေါ်ရှိ နတလကျောင်းတွင် တာဝန်ကျနေသည့် နှစ်ပွင့်ဗိုလ်အပါအဝင် ရဲတပ်သား ၅ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ CDF(ဟားခါး)က သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ မတ်လ ၆ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့သည်။
“ စစ်ကောင်စီကိုမကြိုက်ဘဲ၊ ဒီတော်လှန်ရေးကိုအားပေးမယ်ဆိုပြီးတော့ အလင်းဝင်လာမယ့်စစ်ကောင်စီတပ်သားတွေရော၊ ရဲတွေရောကို ကျွန်တော်တို့လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ သူတို့လာတဲ့အခါမှာ လက်နက်တွေပါလာမယ်ဆိုရင် ကျွန်တော်တို့လက်ဆောင်တွေ၊ ထောက်ပံ့ငွေတွေပေးသွားမှာပါ။ ပြီးတော့ သူတို့လုံခြုံရေးကိုလည်း တာဝန်ယူသွားမှာပါဗျ” ဟု CDF (ဟားခါး)၊ ဗဟိုကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။
ယခုအလင်းဝင်လာသည့် ရဲတပ်သားနှင့်မိသားစုကို CDF (ဟားခါး)အနေဖြင့် လုံခြုံရေးတာဝန်ယူ၍ ၎င်းတို့သွားရောက်လိုသည့် နေရာအထိလိုက်လံပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ CDF (ဟားခါး)ထံ အလင်းဝင်လာသည့် စစ်ကောင်စီနှင့် ရဲတပ်သားဦးရေ(၄၀)နီးပါး ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။