မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်ကို ၂ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရရှိကြောင်းသိရသည်။
မတ်လ ၉ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် တောင်သာမြို့နယ်၊ဇရပ်ကြီးကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ရာ စစ်သား ၄ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
မတ်လ ၈ ရက်၊မွန်းလွဲ ၁ နာရီနှင့် ၂ နာရီ ဝန်းကျင်တို့တွင်လည်း တောင်သာမြို့နယ်၊ဇဗ္ဗူသီရီ တောရိုးကျေးရွာသို့ အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ဒရုန်း ၂ စင်းဖြင့် ဗုံးသီး ၄ လုံးကြဲချခဲ့ရာ ဗုံးသီး ၃ လုံးပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံးကာ ၆ ဦးထက်မနည်းဒဏ်ရာရရှိကြောင်းသိရသည်။
“၈ရက်နေ့ မစ်ရှင်က စစ်ကြောင်းက ဝါကြီးအိုင်ကျေးရွာမှာ ညအိပ်ပြီး မနက်ပိုင်းထွက်လာတာ ဇဗ္ဗူသီရိတောရိုးကျေးရွာကို စာသင်ကျောင်းကို အရောက်မှာ ကျနော်တို့ က ဒရုန်း၂ စင်းနဲ့ ဗုံးသီး ၄ လုံးချတာ။၁လုံးက မကွဲဘူး။ စစ်သား ၃ ယောက်သေတယ်။ကျနော်တို့ ဗုံးသီးစချတော့ ပစ်တဲ့ကောင်တွေက ပြန်ပစ်တယ်။ပြေးတဲ့ကောင်တွေက ပြေးတယ်။ကျည်ကာဝတ်တဲ့ကောင်တွေကဝတ်နဲ့ ဖရိုဖရဲဖြစ်နေတာ တွေ့ရပါတယ်။အနီးဝန်းကျင်ရွာတွေကိုတော့ ဘာမှမလုပ်ပါဘူး” ဟု မြင်းခြံခရိုင်တပ်ရင်း – ၃ (မြေလတ် – PDF-MGN District) မှ ပြန်ကြားရေးတာဝန်ခံ ကိုသုည ကပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် သေဆုံးစစ်သားများကို နာရေးကား ၁စီးနှင့် လိုက်ထရပ်ကား ၁ စီးတို့ဖြင့် တောင်သာမြို့နယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရသည်။
“ကျနော်တို့ ၂ ရက်တာ မစ်ရှင်မှာ စစ်သား ၃ ဦးသေဆုံးပါတယ်။၁၀ဦးထက်မနည်းဒဏ်ရာရရှိပါတယ်။ဇရပ်ကြီးမစ်ရှင်မှာက သေဆုံးမှုမရှိပါဘူး” ဟု Myingyan District Drone Strike Team (MDDST) မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲ ဘော်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။