ရန်ကုန်မြို့၌ စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် လူငယ်များ နေရပ်စွန့်ခွာတိမ်းရှောင်ရန် ပိုမိုကြိုးစားလာကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တောင်ဒဂုံ ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာပ ၊ ရွှေပြည်သာ စသည့် မြို့နယ်များ၌ စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ယခုရက်ပိုင်းတွင် အိမ်တိုင်းနီးပါးထံသို့ စစ်မှုထမ်းရန် စာရင်းလာကောက်မှုများ ဆက်တိုက် ဖြစ်နေကြောင်း သိရသည်။
“ အိမ်ကိုလာတယ်။ By Name နဲ့ လာမေးတာ၊ ကျတော်ရှိလား ဘာအလုပ်လုပ်လည်း၊ မေးပြီး စာရင်းကောက်သွားတယ်” ဟု တောင်ဒဂုံမြို့နယ်၌ နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
ထိုသို့ စာရင်းလာကောက်သဖြင့် စာရင်းကောက်ယူခြင်း ခံရသည့် လူငယ်များ စိုးရိမ်နေကြပြီး မိသားစုများကလည်း အဆိုပါ လူငယ်များအား နေအိမ်မှ စွန့်ခွာပြီး တိမ်းရှောင်နေထိုင်ရန် ဆုံးဖြတ်မှုများ ရှိလာကြောင်း သိရသည်။
“ သားကို လာမေးတယ် ။ အမ လည်း ဒီကောင် အိမ်မှာ မနေတာကြာပြီ ပြောလိုက်တယ်။ တစ်လနှစ်လလောက်တော့ အမျိုးတွေစီ ပို့ထားရမယ်” ဟု မြောက်ဥက္ကလာပမြို့နယ်၌ နေထိုင်သည့် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ပြော သည်။
ရန်ကုန်၌ တစ်ရပ်ကွက်လျှင် လူငယ်သုံးဦး စစ်မှုထမ်းရန် ပေးရမည်ဟူသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေရာ စာရင်းကောက်ယူခြင်း မခံရသေးသည့် လူငယ်များလည်း မိသားစုကို စွန့်ခွာ တိမ်းရှောင်ရန် ကြိုးစားနေကြောင်း သိရသည်။
“ ကျတော် ထိုင်းကို သွားမယ် ။ အောက်လမ်းက ဖြစ်ဖြစ် ၊ ဟိုမှာ ကုန်ထမ်းရလည်း ဖြစ်တယ်” ဟု အင်းစိန်မြို့နယ်၌ နေထိုင်သည့် စစ်မှုမထမ်းလိုသူ လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ရက်၌ စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုလိုက်ပြီး လာမည့် သင်္ကြန်အပြီးတွင် အဆိုပါ အစီအစဥ်ကို အကောင်အထည်ဖော်မည်ဟု ကြေညာထားသည်။