မကွေးတိုင်း၊ မြိုင်မြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးနေသော စစ်တပ်ကို ဒေသခံတော်လှန်ရေး အဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၂၈ဦးကျော် ထိခိုက်ကြောင်း မြုင် ပကဖ ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မြိုင် မြို့နယ် အတွင်း၌ စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်း ထိုးလျက် ရှိရာ သရက်ကန် ပျူစောထီး ရွာ မှ ထွက်လာသော စစ်ကြောင်းနှင့် တွင်းမ ပျူစောထီး ရွာမှ ထွက်လာသော စစ်ကြောင်း နှစ်ကြောင်း ဆုံသည့် မတ်လ၈ရက်၊နံနက်၉နာရီခွဲခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ခု လက်ရှိက စစ်ကြောင်းက ၃ ကြောင်း ရှိတယ်။ အဲအထဲက မှ သရက်ကန်က ၂၀ ကျော်လောက်၊ တွင်းမ ဘက်က ၂၀ ကျော်လောက် ထွက် လာတာ အဲနှစ်ကြောင်း ဆုံချိန် ထောင်ထားတဲ့ ပေပါ မိုင်းကွင်းထဲ ရောက်ချိန် ဆွဲ လိုက်နိုင်တာပါ” ဟု မြိုင် ပကဖ တာ၀န်ခံ ဗိုလ်လကျာ်က ပြောသည်။
ယင်း မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ပခုက္ကူ တပ်မ ၁၀၁ ၊ တပ်ရင်း ၂၅၁၊ ၂၅၆၊ ၂၅၈ ၊ ညောင်ဂျစ်ပင် ပျူစောထီး ရွာမှ ပျူစောထီးများ နှင့် ကမ္မရဲစခန်းမှ စစ်သားနှင့်ရဲတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
“ မိုင်းကွင်း တည့်တည့်ကိုမှ တကယ် ပိုင်ပိုင် နိုင်နိုင် ဆွဲ လိုက်နိုင်လို့ အထိအခိုက် များတာပေါ့။ အဲဒီ ဒဏ်ရာရ သေတဲ့ သူတွေကို ကမ္မ ဘက်ကို ပြန်ပို့ နေကြတယ် ” ဟု မြိုင် ပကဖ တပ်ရင်း -၁၊ တပ်ခွဲ- ၂ (ဂဠုန်ပြောက်ကျားတပ်ဖွဲ့ ) တာ၀န်ခံ ရဲဘော်အကိုလေးက ပြောသည်။
သရက်ကန်ပျူစောထီး ရွာမှ ထွက်လာသော စစ်ကြောင်းမှာ မြိုင် well 2 ရေနံမြေမှ တပ်ဆုတ်လာသော စစ်သားများ နှင့် မြိုင်မြို့မှ တပ်ထောက်ခံသူ မိသားစု၀င်များ ပါ၀င် သော စစ်ကြောင်း ဖြစ်သည်။
“ ခု ကမ္မကို ရောက်နေတဲ့ စစ်ကြောင်းက အဓိက မြိုင်က စစ်ကြောင်းကို ထုတ်ဖို့ပါပဲ။ တပ်မိသားစု ၀င်တွေ၊ တပ်ထောက်ခံ သူတွေ ပါတာကို ခု အင်းဘတ် ကို ရောက်နေတဲ့ ကားတွေက အသင့်ပြင်ထားကြတယ်၊ ဒါပေမဲ့၊ ကြားထဲ မိုင်းဆွဲတာ၊ ဒရုန်းနဲ့ ချတာတွေ များတော့ ဘယ်စစ်ကြောင်းမှ ရှေ့ မတက်နိုင်ဘဲ ဖြစ်နေတာ” ဟု ဗိုလ်လကျာ်က ပြောသည်။
လက်ရှိ တွင် မြိုင် မှ ထွက်လာသော စစ်ကြောင်းသည် သရက်ကန် ပျူစောထီး ရွာမှ တစ်ဆင့် နှမ်းဆီကန် ကျေးရွာ အတွင်းသို့ ၀င်ကာ ရှေ့ ဆက်တိုးနိုင်ရန် ကြိုးစားလျက် ရှိကြောင်း သိရသည်။
ကမ္မဘက်မှ တက်လာသော စစ်ကြောင်းမှာလည်း ကမ္မနှင့် အင်းဘတ် ရွာ ဘက်၌ တပ်ဖြန့် ထား ကာ ရှေ့ဆက်မတက် နိုင်သေးကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်း ထိုးနေသောကြောင့် မြိုင် မြို့နယ်၊ နှမ်းဆီကန်၊ သာစည်၊မြေရင့်၊ တွင်းမပျူရွာမှ ယခင်ကတည်းက ထွက်ပြေးလာကြသော ပြည်သူများနှင့် ကမ္မမြို့ အနီးရှိ အင်းဘတ်နှင့် မကျီးတန်း ကျေးရွာတို့မှ စုစုပေါင်းပြည်သူ ၃၀၀၀ နီးပါး တို့ထွက်ပြေး တိမ်းရှောင် နေရသည်။
စစ်အုပ်စုဝင်များ ဒဏ်ရာရခြင်းအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။