မန္တလေးတိုင်း၊ မိုးကုတ်မြို့အဝင် ကားလမ်းမပေါ်တွင် စစ်တပ်က လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးကာ ငွေနှင့်ကျောက် သိမ်းဆည်းသွားကြောင်း သိရသည်။
ယနေ့နံနက်(မတ်၈ရက်)၉နာရီကျော်က မိုးကုတ်မြို့အဝင်၊ မိုးကုတ်-မန္တလေး ကားလမ်းမပေါ်ရှိ ကြို ဆိုပါ၏ ဆိုင်းဘုတ် အနီးတွင် စစ်သားအင်အား ၂၀ကျော်တို့က လမ်းသွားလမ်းလာပြည်သူတို့ကို စစ် ဆေးကာ ပါလာသည့် ပိုက်ဆံနှင့်ကျောက်တို့ သိမ်းဆည်းခြင်းဖြစ်ကြောင်း မိုးကုတ်မြို့ခံအချို့က ဆိုသည်။
“ရှောင်တခင် လာပြီးစစ်တာမျိုးပေါ့။ကျနော်သိရသလောက် ဖြတ်လာတဲ့ ၁၅ယောက်လောက်အစစ် ခံရတယ်။ငွေအသိမ်းခံရတယ်။ငွေ ဘယ်လောက်ပါသွားသလဲဆိုတာတော့ မသိဘူး။ပိုက်ဆံပါ ပိုက်ဆံ၊ ကျောက်ပါရင် ကျောက်သိမ်းတယ်။ခဏစစ်ပြီး လစ်သွားတယ်။ပြောရရင် မြို့ထိပ်မှာ ခဏ ဓားပြလာတိုက်သွားတာပေါ့”ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
စစ်တပ်က လာစစ်သည့်နေရာမှာ မိုးကုတ်မြို့အဝင် ကျောက်ဖားကျေးရွာနှင့် ကျောက်တိုင်ကုန်းကျေး ရွာ အနီးတွင်ဖြစ်ကြောင်း သိရသည်။
“ အဲ့ဒီနားကအမျိုးသမီးတစ်ယောက် သူ့ကျောက်တွေကိုစစ်သားတွေယူသွားလို့ ထိုင်ငိုနေတယ်။ အခုလိုပါသမျှယူရင် ဒုက္ခရောက်ပြီလေ။ ကျောက်အရောင်းအဝယ်လုပ်နေတာကို ကျောက်ယူမှတော့ လုပ်စားလို့မရတော့ဘူး” ဟုမိုးကုတ်မြို့အနောက်ပိုင်းနေ ပြည်သူတစ်ဦးကပြောသည်။
မိုးကုတ်မြို့တွင် ယခုကဲ့သို့ လူကိုစစ်ဆေးပြီး ပစ္စည်းနှင့်ငွေ သိမ်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် မိုးကုတ်မြို့ အရှေ့ပိုင်း၌လည်း ဆိုင်ကယ်များကို တားကာ လက်ကိုင်ဖုန်းအား စစ်ဆေးခဲ့သော်လည်း ငွေမတောင်းကြောင်း မိုးကုတ်မြို့အရှေ့ပိုင်းသားတစ်ဦးကပြောသည်။
“ မြို့ထဲသွားပြီးပြန်လာတဲ့သူတွေပြောနေကြတာ။ ဒီနေ့တော်တော်စစ်နေတယ်တဲ့။ ဆိုင်ကယ်တွေကိုလည်းတားစစ်တယ်။ဖုန်းတွေရော စစ်နေတယ်၊ဘာကိစ္စရှိလို့လဲမသိဘူး။ အရင်နေ့တွေကမစစ်ဘူး” ဟု ၎င်းကပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်း စစ်ဆေးမှုတွင် စစ်တပ်က ဖမ်းဆီးသွားသူမရှိကြောင်း သိရသည်။