မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ တို့၏ တိုက်ခိုက်မှုကြောင့် စစ်ကား ၁ စီး ချောက်ထဲကျကာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်းသိရသည်။
မင်းတုန်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကားကို မတ်လ ၆ ရက်၊မွန်းလွဲ ၃ နာရီခွဲဝန်းကျင်တွင် သီးပင်ကုန်းရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF ထံက သိရသည်။
“စစ်ကားချောက်ထဲကျပြီး စစ်သား ၁၀ ကျော်သေတယ်ဆိုတဲ့ သတင်းက Confirmဖြစ်ပါတယ်။စစ်ကားက ရိုးပေါ်တက်လာတဲ့ကားက အထိုင်စခန်းကနေ အပြန်မှာ မိုင်းဆွဲလိုက်တာပါ။ကားက ၁ စီးတည်းပါ” ဟု ကျောင်းသားလက်ရုံးတပ်တော်-SAF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(မတ်လ ၈ ရက်) နံနက် ၉နာရီခွဲဝန်းကျင်အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲမပြီးသေးသဖြင့် သတင်းမထုတ်ပြန်သေးခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“ဒီနေ့လည်း ပြောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာ။PDF ဘက်က အထိအခိုက်မရှိဘူး။စစ်ခွေးဘက်ကတော့ မသိဘူး။ပြောင်းရွာဘက်က တော ထဲမှာလည်းတိုက်ပွဲတွေဖြစ်တယ်။စစ်ခွေးတွေနေတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ PDF ကပစ်တာ။သီးပင်ကုန်းရွာနားမှာ ကားချောက်ထဲပြုတ်ကျတာ စစ်ခွေး ၁၀ ယောက်မကဘူး သေတာ။ခုတော့ ခွေးစစ်ကြောင်းတွေက မင်းတုန်းနယ်ထဲကို ဖြန့်ဝင်နေတာလို့ပြောလို့ရမယ်” ဟု မင်းတုန်း ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်-SAF၊သရက်ခရိုင်တပ်ရင်း-၄ နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့-WOLF တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။