ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသော မင်းပြားမြို့နယ်၊ အမ်းသားရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်း၊ လူနေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“၆ ရက်နေ့၊ ည ၁၁ နာရီကျော်လောက်က ဗုံးကြဲသွားတာ။ အိမ်တွေ တော်တော်များများ ပျက်စီးသွားတယ်။ စာသင်ကျောင်းကတော့ ရစရာကို မရှိတော့အောင် ပျက်သွားတယ်။ ဗုံး ၃ လုံးကြဲသွားတယ်။ ကြဲတဲ့ဗုံးတွေက ပေါင် ၂၀၀ ဗုံးတွေနဲ့ လူအိပ်ချိန်လာ ကြဲတာဆိုတော့ တမင်ပြည်သူတွေကို ပစ်မှတ်ထားနေတာလို့ပဲ ပြောချင်တယ်”ဟု မင်းပြားမြို့နယ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီးနောက် မင်းပြားမြို့ကို လက်လွှတ်လိုက်ရသော စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေကြောင်း ရက္ခိုင့်တပ်တော်ထံက သိရသည်။
“မင်းပြားမှာက လေယာဉ်နဲ့ တောက်လျှောက်ကို ပစ်တာတွေ ဗုံးကြဲတာတွေကို လုပ်နေတာ။ မင်းပြားမြို့ပေါ်၊ မင်းဖူး၊ သေကန်၊ အမ်းသားရွာ၊ ကင်းဆိပ်ရွာ အဲ့ဒီနေရာတွေကတော့ တစ်တောက်လျှောက်လုံးကို ဗုံးကြဲခံနေရတယ်။ ဗုံးလာကြဲပြီဆိုရင်လည်း ညအိပ်ချိန်တွေမှာလာတယ်။ အဲ့ဒီတော့ လူတွေ ထိခိုက်တာတွေနဲ့ သေဆုံးတာတွေ ရှိတယ်။ စစ်ကောင်စီက ရခိုင်မှာ တောက်လျှောက် အရှုံးနဲ့ပဲ တွေ့ရတယ်။ AAကိုလည်း မနိုင်တော့ ပြည်သူတွေကို ပစ်မှတ်ထားနေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပဲ”ဟု ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
မတ်လအစမှာပင် စစ်ကောင်စီက မင်းပြားမြို့ပေါ်ကို ဂျက်ဖိုက်တာများအသုံးပြု၍ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံးခဲ့ကာ၊ လူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၁ ရက်ကနေ ၃ ရက်နေ့အထိ ဗုံးကြဲခဲ့တုန်းကဆိုရင်လည်း ည ၁၀ နာရီနဲ့ ၁၁ နာရီအချိန်တွေမှာ လာကြဲတာ။ လူနေအိမ်တွေ အများကြီးပဲ ပျက်စီးတယ်။ ညဘက်ကြီး ဗုံးလာကြဲတာဆိုတော့ လူတွေလည်း ထိခိုက်ဒဏ်ရာရတာတွေနဲ့ သေတာတွေ ရှိတယ်။ ဒဏ်ရာရတဲ့သူတွေဆိုရင်လည်း ဆေးရုံကို ပို့ရင်း သေတာတွေရှိတယ်။ အဲ့ဒီသုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုမှာဆိုရင် ဒေသခံ ၂ ယောက်သေပြီးတော့ ၈ ယောက်အထိ ဒဏ်ရာရတာတွေ ရှိတယ်”ဟု မင်းပြားမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ဆောင်ပေးနေသူ တစ်ဦးကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်ကလည်း ရက္ခိုင့်တပ်တော်သိမ်းပိုက် ထိန်းချုပ်ထားသော ကျောက်တော်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောက်တော်မြို့ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းအပါအဝင် ဘုန်းကြီးကျောင်းတစ်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။