စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပျူစောထီးကျေးရွာမှ ပြန်ထွက်လာသည့် စစ်ကြောင်းကို စောင့်ဆိုင်း ဖြတ် တိုက်ခဲ့ရာ ၅ဦးသေဆုံးကြောင်း သိရသည်။
မတ်လ ၆ ရက်၊မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်တွင် ပုလဲမြို့နယ်အတွင်း ရွာစဥ်လှည့်လုယက်ပြီး အင်မထီးပျူစောထီးကျေးရွာသို့ ရိက္ခာလာပို့သည့် စစ်သားနှင့်ပျူစောထီးစုစုပေါင်း အင်အား ၁၂၀ ခန့်ရှိ စစ်ကြောင်း အင်မထီးရွာမှ ပြန်အထွက် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Sothern YSO-PDF ကသတင်းထုတ်ပြန် သည်။
“အဲ့ဒီစစ်ကြောင်းက ပြီးခဲ့တဲ့ရက်တွေထဲက ပုလဲမြို့ပေါ်ကနေ စစ်ကြောင်းထိုးပြီးရွာတွေကို လုယက်နေတာ။၆ ရက်နေ့က ရွာစဥ်ရွက်ဆက် ပစ္စည်းလုယက်ပြီး အင်မထီးရွာထဲကို ပစ္စည်းတွေ ချပြီး အထွက်မှာ ဝင်တိုက်တာပါ”ဟု Southern YSO – PDF တာဝန်ခံရဲဘော်အောင်မောင်း ကပြောသည်။
ယင်းတိုက်ပွဲအတွင်း ပျူစောထီး ၂ ဦးပွဲချင်းပြီးသေဆုံးကာ ပြင်းထန်ဒဏ်ရာရခဲ့သည့် စစ်သား ၅ ဦး ထဲမှ ၃ ဦး ထပ်မံသေဆုံးခဲ့ကာ အင်မထီးရွာထဲ ပြန်ဆုတ်သွားကြောင်းသိရသည်။
“မနေ့(မတ်၇ရက်)က မနက်ပိုင်း အင်မထီးရွာမှာ သက်ပျောက်ဆွမ်းကပ်ပြီး နေ့လယ် ၁ နာရီ လောက်မှာ Mi-17လေယာဥ် ၄ စီးနဲ့ စစ်ကြောင်းက ကနီဘက်ကိုပြောင်းသွားတယ်” ဟု ၎င်းကပြောသည်။
တိုက်ပွဲအတွင်း Southern YSO-PDF မှ ရဲဘော် ၁ ဦး ကျည်ထိမှန်ခဲ့ကာ မစိုးရိမ်ရဒဏ်ရာရခဲ့ ကြောင်းသိရသည်။
“အင်မထီးကအထွက်မှာ တိုက်ဖြစ်တာပါ။ BNRA ပါဝင်ပြီး Southern YSO အဖွဲ့နဲ့အတူလို့သိရတယ်။ အကျယ်တဝင့် ထုတ်ပြန်ကြေငြာသွားမယ့် အစီအစဥ်မရှိပါဘူး”ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ပြောရေးဆိုခွင့်ရှိသူ ကိုဆာန် ကပြောသည်။
ယင်းစစ်ကြောင်းသည် ပုလဲမြို့နယ်၊ ကြောင်သန်း၊အိုးဖို၊ငှက်ပျောတော၊သာယာကုန်းနှင့် ဦးနှောက်ရွာတို့မှ ရိက္ခာနှင့်တန်ဖိုးကြီးပစ္စည်းများလုယက်ပြီး အင်မထီးရွာသို့ ရိက္ခာလာပို့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နှင့်Sothern YSO PDF တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားနှင့်ပျူစောထီးများ သေဆုံး၊ထိခိုက်မှုကို MPA အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။