ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတို့တွင် တကျော့ပြန်စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရသူ တစ်သိန်းခွဲနီးပါးရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar က မတ်လ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၏ မြို့နယ်အများအပြားတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုနှင့် ဖိစီးမှုများ တိုးပွားလာနေကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့ ပုဏ္ဏားကျွန်းမှာက စစ်တမ်းတွေ ကောက်ပြီးသလောက်ဆိုရင် ၇၅ ရာခိုင်နှုန်းပျက်စီး ဆုံးရှုံးတယ်။ ဒေသခံတွေအားလုံးနီးပါးအနေနဲ့ကလည်း ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေရတာ။ တိမ်းရှောင်နေရတဲ့အချိန်မှာဆိုရင်လည်း လိုအပ်ချက်တွေများတယ်။ စားသောက်ရေးက အဓိကဆိုပေမယ့်လည်း နေထိုင်ရေးနဲ့ ကျန်းမာရေးကိစ္စတွေကလည်း မရှိမဖြစ်လိုအပ်နေတယ်။ ဘေးလွတ်ရာလို့ထင်ပေမယ့် တစ်ခါတစ်လေမှာဆိုရင် စစ်ကောင်စီရဲ့ လေကြောင်းရန်က စိုးရိမ်စရာတွေ ရှိနေတယ်”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီလမှ စတင်ကာ ပစ်ခတ်မှုများရှိနေပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၉ ရက်က စစ်တွေမြို့ ၊ မြို့လယ်ဈေးကြီးအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အပစ်မဲ့အရပ်သားပြည်သူ ၂၁ ဦးအထိ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၈၀ နီးပါးအထိ ရှိခဲ့သည်။
“စစ်တွေမှာကတော့ တိုက်ပွဲတွေ ကြိုးကြားကြိုးကြားဖြစ်နေတာတော့ ရှိတယ်။ တိမ်းရှောင်တာမျိုးအထိတော့ မလုပ်ရသေးပေမယ့် မြို့ပေါ်မှာ တိုက်ပွဲတွေ စတင်လာပြီဆိုရင်တော့ တိမ်းရှောင်ဖို့လုပ်ရမှာပေါ့။ အခုလက်ရှိကတော့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေနဲ့ပဲ ရင်ဆိုင်နေရတာဆိုတော့ ဒီအတွက်ပဲ အခက်အခဲဖြစ်နေတာပေါ့။ ကိုယ်က အစိုးရဝန်ထမ်းဆိုတော့ ရတဲ့လစာနဲ့က အဆင်မပြေဘူး”ဟု စစ်တွေမြို့တွင်နေထိုင်သည့် အစိုးရဝန်ထမ်းတစ်ဦးကပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်စည်စီးဆင်းနိုင်သော လမ်းကြောင်းများအားပိတ်ဆို့ထားသဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုအား ဒေသခံများအနေဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲမဖြစ်ခင်က ဓါတ်ဆီဈေးက ၂၅၀၀၊ ၃၀၀၀ ထိပဲရှိတယ်။ တိုက်ပွဲဖြစ်တော့ ၃၅၀၀၀ ထိတောင်တက်သွားတာ။ တုတ်တုတ်မောင်းတဲ့သူတွေဆို ရပ်ပါထားရတယ်။ အလုပ်မရှိတော့ ဝင်ငွေမရှိဘူး။ အဲ့ဒီတော့ စားသောက်ရေးအတွက်က အခက်အခဲရှိတယ်။ အချိုမှုန့်တစ်ထုပ်ဆိုရင် ၅၀၀၀ ထိ၊ ကြက်သွန်နီ တစ်ပိဿာကို ၂၅၀၀၀၊ အဖြူဆို ၄၀၀၀၀ အထိ တက်သွားတာ။ တစ်ခါမှ မကြုံဖူးတဲ့ ဈေးနှုန်းတွေဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။
ပလက်ဝ ဒေသခံတစ်ဦးကလည်း “စားဝတ်နေရေးကတော့ အဓိကပေါ့။ ဆီ၊ ဆန်၊ ဆားနဲ့ အမိုးအကာတွေလိုအပ်တယ်။ ဆေးဝါးလိုအပ်ချက်တွေလည်း အများကြီးရှိတယ်။ လိုအပ်ချက်တွေကတော့ အများကြီးရှိပါတယ်။ ဘာဖြစ်နေဖြစ်နေ ပြည်သူတွေကို လုံခြုံအောင်ထားပေးပြီး လိုအပ်တဲ့ အကူအညီတွေကို ဘယ်သူမဆို ပူးပေါင်းဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား ယာယီအပစ်အခတ်ရပ်စဲခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်စတင်လာခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် အိုးအိမ်စွန့်ခွာသူ ၁၄၈၅၀၀ ခန့်ထိရှိနေကာ နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂ ဒဿမ ၇ သန်းကျော်ထိ အိုးအိမ်စွန့်ခွာနေရကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။