ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ၊ KIO ဌာနချုပ်တည်ရှိရာ KIA တပ်မဟာ ၅ နယ်မြေ၊ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် KPDF ပူးပေါင်းတပ်များက ယနေ့ (မတ်လ ၇ ရက်)၊ မနက် ၆ နာရီမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး၊ တပ်စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
“ ဒီမနက် ၆ နာရီ ၁၅ မိနစ်ကနေစပြီး တပ်စခန်းနေရာတွေကို ထိုးစစ်ဆင်တာပါ၊ တချို့စခန်းငယ်တွေကိုတော့ သိမ်းထားမိပြီကြားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
KIA ဘက်မှ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ကောင်စီတပ်စခန်းများသည် ဝိုင်းမော်မြို့နယ် အောင်မြေ ၁ရှိ အင်လုံခတပ်စခန်း၊ ရွှေညောင်ပင် ခလရ ၃၂၁၊ လိုင်ဇာအနီးရှိ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်း၊ ခရာဘွမ်တပ်စခန်း၊ ဘွမ်ရေဘွမ်တပ်စခန်း၊ မိုးမောက်မြို့နယ်ရှိ နွမ့်လန်နှင့် ကုန်းလောမြို့ရှိတပ်စခန်းများဖြစ်ကြောင်း သိရသည်။
“ ခရာဘွမ်စခန်းကို ဝင်သိမ်းနေပြီ၊ သူက ဒီဘက်မှာ အမြင့်ဆုံးဘဲ၊ အဓိကလည်းကျတယ်၊ အရှင်ဖမ်းမိတာတွေလည်းရှိတယ်။ ဘွမ်ရေဘွမ်ကိုလည်း ရပြီ၊ အတည်ပြုဖို့က စောင့်ရဦးမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“ ဝိုင်းမော် – လိုင်ဇာလမ်း၊ ဗန်းမော် – မြစ်ကြီးနားလမ်းဘက်ကို မြင်ရတော့ မီးခိုးတွေထွက်နေတာ မြင်နေရတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
လက်ရှိတွင် လိုင်ဇာမြို့တွင်းမှ ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ ကျတော်တို့တော့ အသံတွေစကြားရကတည်းက ပြေးတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ယမန်နှစ် ဇူလိုင်လ ၃ ရက်မှစ၍ လိုင်ဇာဒေသတဝိုက်တွင် စစ်ရေးပြင်ထန်လျက်ရှိနေပြီး၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်၊ မံစီမြို့နယ်နှင့် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိထားသည်။