ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်ဇန်းကျေးရွာအနီးတွင် မတ်လ ၆ ရက်၊ ညနေ ၃ နာရီအချိန်က စစ်ဘေးရှောင်ပြည်သူများ လိုက်ပါစီးနင်းလာသည့် ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသူများမှာ တိုက်ပွဲများပြင်းထန်နေသည့် ကလေးမြို့မှ စစ်ဘေးရှောင်ပြည်သူများဖြစ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်ဘက်သို့ ကားဖြင့်တိမ်းရှောင်လာစဉ် လမ်ဇန်းကျေးရွာအနီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ခံဆရာ Jabez က MPA ကိုပြောသည်။
“ လမ်ဇန်းအဝင်လေးမှာ ကား Accident (မတော်တဆ)ဖြစ်သွားပါတယ်ဗျ။ အဲ့ဒီမှာ ၂ ယောက်ကတော့ အသက်ဆုံးရှုံးသွားတာပေါ့နော်။ ကားဆရာကတော့ အခုအပြင်းအထန်ဒဏ်ရာနဲ့ပေါ့။ ခရီးသွားပြည်သူက ၂၀ ပတ်ဝန်းကျင်လောက်ပါတယ်။ အကုန်လုံး ထိခိုက်ဒဏ်ရာတွေတော့ ရကြတယ်” ဟု ၎င်းကရှင်းပြသည်။
ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူများကို လမ်ဇန်းလူငယ်အဖွဲ့နှင့် ရွာသူရွာသားများက ရုပ်အလောင်းများထားရှိရန် အခေါင်းများပြင်ဆင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားသူများကို တီးတိန်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
“ သေဆုံးတာက ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပါ။ မနေ့ညကအထိ ဘယ်သူတွေလဲဆိုတာနဲ့ အလောင်းပိုင်ရှင်တွေဘယ်သူလဲ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ကလေးတွေလည်းပါတယ်” ဟု တီးတိန်မြို့ဒေသခံအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ကလေးမြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်တိုက်ခိုက်၍ စစ်ရေးအရှိန်တိုးမြှင့် တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် ကလေးမြို့ပေါ်ပြည်သူများအနေဖြင့် အမြန်ဆုံးထွက်ခွာကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် ကလေးမြို့တောင်ပိုင်းဒေသများနှင့် ချင်းတောင်ပေါ်သို့ မြို့ပေါ်နေပြည်သူထောင်နှင့်ချီ၍ စစ်ဘေးရှောင်ထွက်ခွာလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။