မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း အနီးကပ်တိုက်ခိုက်ခံရပြီး စစ်သား ၇ဦးသေဆုံးကြောင်း Young Force UG အဖွဲ့ထံကသိရသည်။
မတ်လ ၅ရက် နံနက် ၇နာရီခန့်က ပခုက္ကူမြို့ပေါ်မှ ကမ္မမြို့သို့ ကား ၃စီးဖြင့်ထွက်လာသော အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ကမ္မမြို့နားသို့မရောက်ခင် မိုင်းဆွဲတိုက်ခိုက်ပြီး အနီးကပ်ပစ်ခတ်ခဲ့ရာ မျက်မြင်စစ်သား ၇ဦးသေဆုံးကြောင်း Young Force UG ၏ သတင်းပြန်ကြားတာဝန်ခံ ကိုပိန်ကပြောသည်။
“ ကမ္မမရောက်ခင် လမ်းတနေရာမှာ ဖြစ်ခဲ့တာ။ မိုင်းလည်းဆွဲတယ်။ အနီးကပ်လည်း သေနတ်တွေနဲ့ပစ်တယ်။ အဲ့ဒါကြောင့်လည်း သူတို့ ၇ယောက်သေတာကိုသိရတာပါ “ ဟု၎င်းက ပြောသည်။
ယင်းစစ်ကြောင်းသည် ကမ္မမြို့အနီး၌သာရှိနေပြီး ကျေးရွာများကို မီးပတ်ရှို့နေကြောင်း သိရသည်။
ယင်းစစ်ကြောင်းကြောင့် ကမ္မမြို့ပေါ်မှ ပြည်သူအချို့အပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံ ၁ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းကပြောသည်။
“ ဟုတ်တယ်။ မြို့ပေါ်ကသူတချို့နဲ့ အနီးဝန်းကျင်က ရွာကလူတွေတော့ ရှောင်နေကြတာတယ်။ မြို့ပေါ်ကသူတွေကကျ ကြောက်တော့ရှောင်ကြရတာ” ဟု ကမ္မမြို့ခံတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) Young Force UG ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) Thurain TR၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) Shwe Nyar Myaeနှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) Black Cheater အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။