ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းနေထိုင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးကို စစ်ကောင်စီကလာရောက်ဖမ်းဆီးစဉ် ဖမ်းမမိခဲ့သဖြင့် အစားထိုးအဖမ်းခံခဲ့ရသည့် ဖခင်ဖြစ်သူမှာ မတ်လ ၆ ရက်က ကျိုက်စကောအကျဉ်းထောင်တွင် သေဆုံးသွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်များထံက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်က ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများကို ရှာဖွေဖမ်းဆီးခြင်းများပြုလုပ်ခဲ့သလို ကဒွတ်ကျေးရွာတွင်နေထိုင်သည့် ဦးခင်စိုး၏သားကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ဝင်ရောက်ရှာဖွေရာတွင် ဦးခင်စိုး၏ သားကို မတွေ့ရှိသဖြင့် နေအိမ်တွင်ရှိနေသည့် အသက် ၆၅ နှစ်အရွယ်ဦးခင်စိုးကို ဖမ်းဆီးကာ ထောင်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ဝင်ဖမ်းတာက သားကို၊ မတွေ့တော့အဖေကိုတမင်ဖမ်းသွားတာ၊ အသက် ၆၅ နှစ်လောက်ရှိနေပြီ၊ ဘာမှနိုင်ငံရေးလည်းလုပ်တာမဟုတ်လယ်ဘူးသမားကြီး၊ နေအိမ်လည်းချိပ်ပိတ်သွားတယ်၊ သူ(ဦးခင်စိုး)သမီးဆရာမကလည်း CDM လုပ်ထားတာ အိမ်မှာမရှိဘူး”ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီက ဝင်ရောက်ဖမ်းစီးသည့်ဦးခင်စိုး၏သားသည် ဝေါမြို့နယ် ပကဖ ၏ ရဲဘော်တစ်ဦးဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့၏ စခန်းတိုက်ခိုက်ခံရပြီး ရဲများသေဆုံးခဲ့သဖြင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဝေါမြို့နယ် ပကဖ တာဝန်ခံကပြောသည်။
“အဲဒီ (ညောင်ခါရှည်ရဲစခန်း)စစ်ဆင်ရေးလည်းပြီးရော မဆိုင်တဲ့ပြည်သူတွေဖမ်းတာ အယောက် ၃၀ ထက်မနည်းဘဲ၊ နည်းနည်းပဲပြန်လွတ်တယ်၊ စစ်ကြောရေးမှာ သေသွားတာအနည်းဆုံး ၅ ယောက်၊ ထောင်ထဲမှာက ၁၀ ယောက်ကျော်လောက်ရှိတယ်၊ ဦးခင်စိုးလည်းဘာမှမဆိုင်ဘူး အဖမ်းခံရတာ၊ ယောက်ျားမတွေ့ရင် မိန်းမဖမ်းမယ်၊ သားသမီးမတွေ့ရင်မိဘဖမ်းမယ်၊ ဒါတွေက စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်ယုတ်မာမှုတွေပဲ၊ ဒီ ယုတ်မာမှုတွေအောက်က အမြန်ဆုံး လွတ်ချင်ရင်တော့ တော်လှန်ရေးမှာပြည်သူတွေ အားလုံးပူးပေါင်းပေးဖို့ လိုအပ်တယ်”ဟု ၎င်းကမှတ်ချက်ပြုပြောသည်။
ယခု ကျိုက်စကောအကျဉ်းထောင်တွင် သေဆုံးသွားသည့် ဦးခင်စိုးအား စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မ ၅၀(ည)၊ ၅၂(ခ)ဖြင့် အမှုဖွင့်ပြီး ထောင်ဒဏ် ၁၄ နှစ် အမိန့်ချခဲ့သည့်အပြင် ကျန်းမာရေးမကောင်းသည့်အချိန်တွင်လည်း ဆေးဝါးကုသမှု လုံလောက်စွာမရရှိခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဘာရောဂါမှ ထွေးထွေးထူးထူးဖြစ်တာမဟုတ်ဘူး။ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်တာတဲ့၊ အဲဒါကို သေချာကုမပေးဘူး။ သောက်ဆေးတောင် ကောင်းကောင်းမသောက်ရဘူးကြားတယ်၊ အခုဆုံးသွားတာလည်းအကြောင်းမကြားဘူး။ သူများပြောမှ သိရတာ၊ အလောင်းကိုလည်း ဒိုက်ဦးဆေးရုံပို့တယ် ပြောတယ်”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီအနေဖြင့် အပြစ်မဲ့ပြည်သူများကို အကျဉ်းထောင်များအတွင်း နည်းမျိုးစုံဖြင့်ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေသည်ကို ပြင်းထန်စွာရှုတ်ချကြောင်း နှင့် NUG အစိုးရအနေဖြင့်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ စစ်ကောင်စီအား ပြင်းထန်စွာအရေးယူဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က အကြံပြုသည်။
“ICRC လိုအဖွဲ့မျိုးတွေ၊ ကုလသမဂ္ဂအင်ဂျင်စီတွေ၊ ဒီမိုကရေစီနိုင်ငံတွေနဲ့ NUG က ချိတ်ဆက်ပြီး စစ်ကောင်စီကိုရော၊ အခုလိုအကျဉ်းသားတွေအပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ ထောင်အာဏာပိုင်တွေကိုရော ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒီလိုမလုပ်ဆောင်နိုင်ဘူးဆိုရင် ဒီကောင်တွေက ရှေ့ဆက် အကျဉ်းသားတွေကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်နေဦးမှာပဲ”ဟု ဦးထွန်းကြည်က ဆိုသည်။
ယခု ဆေးဝါးကုသမှုလုံလောက်စွာမရရှိဘဲ သေဆုံးသွားသည့် ဦးခင်စိုး အကျဉ်းကျခံနေရသော ဒိုက်ဦးမြို့နယ် ကျိုက်စကော အကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်ကလည်း နိုင်ငံရေး အကျဉ်းသား ကိုသန့်ဇင်ဝင်းအား စစ်ကြောရေးသို့ ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင်လည်း အကျဉ်းသား ၃၇ အား ထောင်ပြောင်းမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး လမ်းတွင်ထွက်ပြေးသည်ဟု အကြောင်းပြ၍ အကျဉ်းသားအနည်းဆုံး ၁၁ ဦးခန့်အား ပစ်သတ်ခဲ့ကြကြောင်း သိရသည်။