စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂ရက်နေ့ မနက် ၅နာရီမှစတင်ကာ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ ရွှေစည်းခုံတောင်ပေါ်၌တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများအားကောင်းသည့် ရေလည်ကျွန်းကျေးရွာကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ယမန်နေ့ (မတ်လ ၆ ရက်)၊ ည ၁၀ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“ စစ်တပ်တပ်စွဲထားတဲ့နေရာတွေကိုတော့ ကျနော်တို့ သိမ်းထားပြီးပါပြီ၊ အပြီးသတ်ရှင်းလင်းဖို့ လုပ်ဆောင်နေပါတယ်” ဟု မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က မြေပြင်ခံစစ်နှင့် လက်နက်ကြီးပစ်ကူများအပါအဝင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာများကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီဘက်က အရပ်သားများနေထိုင်သည့် နေရာများသို့ ပေါင်ငါးရာဗုံးများကြဲချခြင်း၊ စက်သေနတ်များဖြင့် ပစ်ခက်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် မတ်လ ၆ရက်နေ့တွင် မိချောင်းတွင်းရွာရှိ အသက်၆နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူကြီး ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ မနေ့က မိချောင်းတွင်းရွာမှာ ၆ နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်နဲ့ လူကြီး ၈ယောက်လောက်က ဒဏ်ရာတွေရတယ်။ ကနီမြို့ အထက်ပိုင်းရွာတွေက ဒီငါးရက်အတွင်းမှာ လေယာဥ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်လို့ တခြားထိခိုက်တာ၊ သေတာတွေရှိသေးတယ်။ ဦးရေအတိအကျတော့ မပြောနိုင်သေးဘူးဗျ” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားနှင့် ပျူစောထီးများ လက်နက်ချအညံ့ခံမှုများရှိသကဲ့သို့ ဖမ်းဆီးရမိသူများလည်းရှိပြီး အသေးစိတ်အချက်အလက်ကို ထပ်မံထုတ်ပြန်သွားမည်ဟု ဆိုသည်။
“ ဖမ်းမိထားတာတွေရှိပါတယ်။ အသေးစိတ်ကတော့ အခုပြောလို့မရသေးပါဘူး။ အပြီးသတ်ရှင်းလင်းရေးလုပ်ပြီးရင် သက်ဆိုင်ရာအဖွဲ့တွေကနေ ထုတ်ပြန်ပါလိမ့်မယ်၊ လက်နက်တွေလဲရပါတယ်” ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယင်းအပြင် ကနီမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ကျဆုံးမှုအနည်းငယ်နှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ကနီမြို့သိမ်းတိုက်ပွဲစတင်သည့် မတ်လ ၂လရက်မှစ၍ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများကြောင့် အထက်ကင်း၊ အောက်ကင်း၊ မိချောင်းတွင်း၊ မင်းကုန်း၊ တဇယ်ချောင်၊ ကင်းရွာ၊ တောင်ကိုးလုံး၊ ညောင်ပင်ဝန်း၊ ရှမ်းမြောင်း၊ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော၊ သမင်ခြံ၊ ညောင်သူများ၊ ကနဲနှင့် ကျွန်းဖျားကျေးရွာရှိ ဒေသခံများမှာ စစ်ဘေးရှောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။